ရန်ကုန်  ၁  ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ လှည်းကူးမြို့နယ် ပဲခူးမြစ်ကူးတံတား ဒါးပိန်-သပြု ရန်ကုန် လှည်းကူးဘက်အခြမ်း တည်ဆောက်နေမှုများနှင့် ငမိုးရိပ်ချောင်းကူးတံတားများ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၈ နာရီ၌ ပဲခူးမြစ်ကူးတံတား ဒါးပိန်-သပြု တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့ (၁၀)မှ တာဝန်ရှိသူများက ပဲခူးမြစ်ကူးတံတား ဒါးပိန်-သပြု တည်ဆောက်နေသည့် လုပ်ငန်းအခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးဘက်ခြမ်း တာဝန်ခံနှင့် ပဲခူးတိုင်းဒေသကြီး တာဝန်ခံတို့က မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဝန်ကြီးချုပ်က တံတားကြံ့ခိုင်မှုအရည်အသွေး ကောင်းမွန်ရေး၊ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ကြရန် လမ်းညွှန်မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လည့်လည်ကြည့်ရှုခဲ့သည်။

 

အဆိုပါတံတားသည် ရန်ကုန်တိုင်းဒေသကြီး ဆားတလင်း-ဒါးပိန်-ကျွဲကူး ဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီး သပြု-ရှမ်းကံ-ကဝ လမ်းအား ဆက်သွယ်ထားကာ တံတားအရှည် ၁၀၅၀ ပေ၊ ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ ၃ လက်မ စီပါဝင်သည့် (၂)လမ်းသွား သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။

 

အဆိုပါ တံတားအား ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှည်းကူးမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တံတားအထူးအဖွဲ့ (၁၁)မှ တည်ဆောက်ပြီးစီးခဲ့သည့် အရှည် ၂၄၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေရှိ  ဂျုံးဂျုံးကျကျေးရွာနှင့် ဘိုးရင်ကလေးကျေးရွာ ငမိုးရိပ်ချောင်းကူးတံတား၊ အရှည် ၂၄၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ၊ ရေသွားလမ်း ကင်းလွတ်နယ် ၁၃ ပေရှိ တည်ဆောက်လျက်ရှိသည့် ဘိုးရင်ကလေး-ကင်ပွန်းချုံ ငမိုးရိပ်ချောင်းကူးတံတားနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၂)မှ တာဝန်ယူတည်ဆောက်မည့် အရှည် ၂၂၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၀ ပေရှိ ဥယျာဉ်-မြေစေးအိုင် ငမိုးရိပ်ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အားကစားခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)