ပဲခူး ၁၃ စက်တင်ဘာ
ပဲခူးမြစ်ရေ ပဲခူးမြို့၏ စိုးရိမ်အမှတ်မှာ (၈၈၀) စင်တီမီတာဖြစ်ပြီး ယနေ့ နံနက် ၆ နာရီခွဲ အချိန်တိုင်းထွာချက်အရ (၉၁၅) စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သည်။
ပဲခူးမြစ်ရေ စိုးရိမ်အမှတ် ကျော်လွန်ရောက်ရှိလာခြင်းကြောင့် ကျွန်းသာယာရပ်ကွက် ထူးဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့် မဇင်းရပ်ကွက် ရွှေသာလျောင်းဘုရားလမ်း၊ မဇင်း(၁)လမ်းထိပ်တို့တွင် ရေကျော်လျှက်ရှိပြီး ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် အုပ်ချုပ်ရေး အဖွဲ့များပူ းပေါင်းပြီး ရှင်းလင်း ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။
ရေကြီးနစ်မြုပ် ရပ်ကွက်များရှိ ရေဘေးရှောင် ပြည်သူများ ယာယီနေထိုင်နိုင်ရန်အတွက် ဇိုင်းဂနိုင် တောင်ပိုင်းရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်း(၃)ခု၊ ကျွန်းသာယာ ရက်ကွက်တွင် ကယ်ဆယ်ရေးစခန်း(၆)ခု၊ ကလျာဏီရပ်ကွက်တွင်(၂)ခု၊ ရွာသစ်ရပ်ကွက်တွင်(၁)ခု၊ မဇင်းရပ်ကွက်တွင်(၄)ခု၊ ကျောက်ကြီးစု ရပ်ကွက်တွင်(၃)ခု၊ မြို့သစ်ရပ်ကွက်တွင်(၃)ခု၊ ဘုရားကြီးမြို့တွင် (၁)ခု စုစုပေါင်း(၂၃)စခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးရှောင် ပြည်သူများအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှုကော်မတီဗဟိဌာနအဖြစ် ဖွင့်လှစ်ထားရှိသည်။
ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း(၂၃)စခန်း၌ အိမ်ထောင်စု(၂၈၃၇)စု၊ လူဦးရေ(၁၃၈၃၅)ဦး စက်တင်ဘာလ (၁၂) နေ့ စာရင်းအရ ယာယီခိုလှုံနေထိုင်လျှက်ရှိကြောင်း ၎င်းတို့၏ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သန့်ရှင်းရေးကိစ္စများအတွက်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း ပဲခူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ပြောကြားကြောင်း သိရသည်။
တင်စိုး(ပဲခူး)


