ပဲခူး ဇူလိုင် ၂၈
ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ပဲခူးမြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိသည်။
ရေဘေးသင့်ပြည်သူများအား ဇိုင်း/တောင်ရပ်ကွက်ရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ဝင်္ဂဘာဘုန်းကြီးကျောင်း၊ ရွှေဘုန်းပွင့်ဘုန်းကြီး၊ ကျွန်းသာယာရပ်ကွက်ရှိ မင်္ဂလာဇေယျုံကျောင်းတိုက်၊ ရွှေနံ့သာကျောင်းတိုက်၊ ရွာသစ်ရပ်ကွက်ရှိ အလက(ခွဲ)ရွာသစ်ကျောင်း၊ ဥဿာ(၇)ရပ်ကွက်ရှိ ဒက္ခိဏာသာခါကျောင်းတိုက်၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီသိမ်ကျောင်းတိုက်၊ မဇင်းရပ်ကွက်ရှိ လေးမျက်နှာကျောင်းတိုက်၊ မြို့သစ်ရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုန်းကြီးကျောင်းတို့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်-မန္တလေးကားလမ်း ရေကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း(၁)လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင် ရပ်ကွက်အကြားရှိ မင်းလမ်းမတို့တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များနှင့် လူများ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)


