ပဲခူး သြဂုတ် ၁၀

 

ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၈၈၀)စင်တီမီတာအား ကျော်လွန်ပြီး (၉၃၇)စင်တီမီတာသို့ ရောက်ရှိနေသောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေဝင်ရောက်နေသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေးကားလမ်း ရေကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း()လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင်ရပ်ကွက်အကြားရှိ မင်းလမ်းမတို့တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များ၊ လူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ရေဝင်ရောက်လျက်ရှိသည့် မြေနိမ့်ပိုင်းရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇိုင်း/တောင်ရပ်ကွက် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)()၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဇောင်းတူကျေးရွာ သာယာကုန်း(ခရစ်ယာန်ကျောင်း)၊ လက်ပံရွာစာသင်ကျောင်း၊ မုန်တိုင်းကျေးရွာ မုန်တိုင်းဘုန်ကြီးကျောင်း၊ ဝါးပြန်ကုန်းကျေးရွာ ဘုရားကုန်းဘုရားဝန်း၊ ဥဿာ()ရပ်ကွက် ပညာမွန်ကျောင်း၊ ဒက္ခိဏသာခါကျောင်း၊ ကလျာဏီရပ်ကွက် ကလျာဏီသိမ်နှင့် ဇိုင်း/မြောက် အ.ထ.က()တို့တွင် နေထိုင်နိုင်ရေးအတွက် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၁၃)ခုအား ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များမှ သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများအား ကူညီထောက်ပံ့လှူဒါန်းပေးကြကြောင်း သိရှိရသည်။

 

သက်ဖြိုးကြိုင် (ပြန်/ဆက်)