ပဲခူးမြို့ အမျိုးသားတန်းမြင့်ကျောင်းနှင့်  နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့



ဒေါက်တာမြင့်သန်း(ညောင်လေးပင်)
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ရှေးမိဘဘိုးဘွား အစဉ်အဆက်တို့သည် ပျူခေတ်၊ သရေခေတ္တရာ ခေတ်၊ ပုဂံခေတ်တို့မှစကာ ကုန်းဘောင်မင်းဆက်တိုင်အောင် နိုင်ငံတော်ကို စုစည်းတည်ထောင် လာခဲ့ကြသည်။ သို့သော် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ် ဘကြီးတော်ဘုရားလက်ထက်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထက်တွင် တစ်ကြိမ် ကျူးကျော်တိုက်ခိုက်ကာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။
ဝိတိုရိယဘုရင်မကြီး၏    နှစ်ငါးဆယ် ပြည့်    အထိမ်းအမှတ်   အခမ်းအနားကို အင်္ဂလန်နိုင်ငံ  လန်ဒန်မြို့တွင် ၁၈၉၇ ခုနှစ် ဇွန်လ  ၂၂   ရက်နေ့က  ကျင်းပခဲ့ပါသည်။ ယင်းသည် ကမ္ဘာတစ်ဝန်း ကြီးကျယ်လှသော အခမ်းအနားများစွာထဲက    ဧည့်ခံပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ ထိုစဉ်က နိုင်ငံပေါင်း  ၁၁ နိုင်ငံ မှ  ဝန်ကြီးချုပ်  ၁၁ ဦး တက်ရောက်ခဲ့ပြီး စစ်သည်တော်ပေါင်း   ၄၆၀၀၀  တို့ ချီတက် အလေးပြုခြင်း   ခံခဲ့ရသည်။   ယင်းသည် ဝိတိုရိယမင်းဆက် နှစ် ၆၀ ပြည့်ခြင်းလည်း ဖြစ်သလို  ဂရိတ်ဗြိတိန်  နိုင်ငံတော်ကြီး၏ အလွန်ကြီးမားသော အင်အားပိုင်ဆိုင်နေချိန် လည်း ဖြစ်သည်။ ထို ၁၈၉၇ ခုနှစ်များဆီက ဝိတိုရိယဘုရင်မကြီးသည် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ၊ ကမ္ဘာ့နယ်မြေ၏ ငါးပုံတစ်ပုံ (နေမဝင်အင်ပါယာကြီး)ကို ပိုင်ဆိုင်အုပ်ချုပ် နေချိန်လည်း     ဖြစ်သည်။   စစ်အင်အား ကြီးမားစွာ     ပိုင်ဆိုင်လျက်ရှိသည့်အပြင် တော်ဝင်ရေတပ်မတော် အပါအဝင် တပ်ဖွဲ့ များသည်   နည်းပညာရပ်များစွာကိုလည်း လက်တွေ့အသုံးချနိုင်နေပြီဖြစ်သည်။ 
တော်ဝင်ရေတပ်မတော်၏    အင်အား သည်   သူ့ထက်အဆင့်(၂)နှင့်  အဆင့်(၃) ပေါင်းထားသည့်   ရေတပ်မတော်ထက်ပင် အင်အားကြီးမားနေကြောင်း    သိရသည်။ ဗြိတိသျှဘုရင်မကြီး ဝိတိုရိယ (Queen Vict-oria)က ၁၈၈၆ ခုနှစ်  ဇန်နဝါရီလ  ၁  ရက် နေ့တွင်   မြန်မာနိုင်ငံသည်        ဗြိတိသျှ လက်အောက်ခံ  ကိုလိုနီနိုင်ငံ   (Colony)ဖြစ်သွားပြီ၊   ဗြိတိသျှအင်ပါယာ  (British Empire)  အတွင်း   သွတ်သွင်းလိုက်ပြီဖြစ် ကြောင်း   ကမ္ဘာကို  ကြေညာလိုက်သည်။ ထိုအချိန်မှစပြီး ကမ္ဘာ့မြေပုံပေါ်တွင် “မြန်မာ နိုင်ငံ” ဆိုသည် ပျောက်ကွယ်သွားခဲ့ရသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်ခံ အိန္ဒိယနိုင်ငံ၏   ပြည်နယ်တစ်ခုသာ ဖြစ်သွား ခဲ့သည်။ မြန်မာနိုင်ငံသားတို့သည် British Subjects ဗြိတိသျှကျေးတော်မျိုး၊ ကျွန်တော် မျိုးများအဖြစ်    ရောက်သွားခဲ့ကြရသည်။ မြန်မာနိုင်ငံကို ထိုသို့ သိမ်းပိုက်ပြီးသည်မှစ၍  မြန်မာတိုင်းရင်းသားတို့သည်  ကိုလိုနီပညာ ရေး၊ အုပ်ချုပ်ရေးတို့အောက်မှာ အစစနိမ့်ကျ ခဲ့ရသည်။ အမျိုးသားစာပေ၊ ယဉ်ကျေးမှုတို့ သည်လည်း ဆုတ်ယုတ်ပျက်စီးခဲ့သည်။ 
အထူးသဖြင့် ပညာရေးတွင် ကိုလိုနီ စနစ်ကိုသာ ထောက်ကူနိုင်မည့် ပညာရေး စနစ်ကိုသာ    ထူထောင်ခဲ့သည်။    ဒေသခံ ပြည်သူများ    ပညာမျက်စိ  မပွင့်အောင် ဆောင်ရွက်ခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ရန်ကုန် အစိုးရအထက်တန်းကျောင်းကို     ရန်ကုန် ကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ၁၉၁၄ ခုနှစ် တွင် အမေရိကန်သာသနာပြုအဖွဲ့က ဖွင့်လှစ် ခဲ့သော ဂျပ်ဆင်ကောလိပ်(ခေါ်) ယုဒသန် ကောလိပ်ပေါ်ပေါက်လာသည်။  ထိုကောလိပ် နှစ်ခုလုံးမှာ     ကာလကတ္တားတက္ကသိုလ် လက်အောက်ခံသာဖြစ်ပြီး   First  Arts (ဥပစာတန်း)     အထက်တန်းပညာရေး အစပျိုးသင်ကြားခြင်းသာ ဖြစ်သည်။ 
ထို့ကြောင့် ပြည်သူလူထုနှင့်   နိုင်ငံရေး အသင်းအဖွဲ့များ၏   တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံတွင် သီးခြားတက္ကသိုလ်တစ်ခု ထားရှိရန်   စီမံခဲ့ပါသည်။   သင့်တော်မည့် တက္ကသိုလ်ဥပဒေကြမ်း   (University  of Rangon   Act)  ကို ပညာမင်းကြီး မစ္စတာ မတ်ဟန်းတားက  ရေးဆွဲခဲ့ရာ  ယင်းတွင် တက္ကသိုလ်တစ်ခုသာ  ရှိရမည်။  ယင်းသည် ရန်ကုန်မြို့မှာသာ ရှိရမည်။ ကျောင်းသားများ လည်း ကျောင်းအိပ် ကျောင်းစားသာ ဖြစ်ရ မည်။   တက္ကသိုလ်ဝင်စာမေးပွဲ   မထားဘဲ ဟိုက်စကူးဖိုင်နယ် High School Final (ခေါ်) ဆယ်တန်းစာမေးပွဲကို  အောင်ရမည့်အပြင် အခြားဘာသာရပ်တစ်ခုခုကို    ထူးချွန်စွာ အောင်မြင်မှသာ  တက္ကသိုလ်ဝင်ခွင့်ရမည်၊၊ စာမေးပွဲတစ်ကြိမ်ကျလျှင် လက်မခံ စသည် ဖြင့်   ပြည်သူတို့နှင့်   လက်လှမ်းမမီသော ပညာရေးစနစ်ကို ပြဋ္ဌာန်းခဲ့သည်။ ထို့ကြောင့် ၁၉၂ဝပြည့်နှစ် ဒီဇင်ဘာလ ၄  ရက်နေ့တွင် ကျောင်းသားများ ဆန္ဒပြခဲ့ကြသည်။ ရန်ကုန် မြို့      ဗဟန်းကြားတောရ   ရွှေကျင်တိုက် ဦးအရိယကျောင်းတိုက်တွင်  ကျောင်းသား ကျောင်းသူ ၄၀၀ ကျော်တို့ စုဝေးခဲ့ကြရာမှ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။
“အမျိုးကိုချစ်ပါ၊  နိုးကြားကြပါ၊  ငါတို့ အမျိုးသားပညာရေး ဖိနှိပ်ခံထားရသည်ကို တိုက်ဖျက်ကြရအောင်ထွက်ခဲ့ကြပါ မိတ်ဆွေ တို့၊   ကျွန်ပညာအလိုမရှိ၊  ကြောက်မွေးပါ ဇာဂနာနဲ့နုတ်၊ ရဲရဲတောက် ဒို့ဗမာ၊ အရေး တော်ပုံ အောင်ရမည်”စသည်ဖြင့် ကြွေးကြော် ကာ ၁၉၂၀ ပြည့်နှစ်  ဒီဇင်ဘာလ  ၅  ရက်        (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့) နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်         နယ်မြေတွင် ကျောင်းသားသပိတ်ကြီးကို   စတင်ဆောင် ရွက်ခဲ့ကြသည်။  Y.M.B.A  အသင်းကြီးမှ ပြောင်းလဲလာခဲ့သော G.C.B.A အသင်းကြီးက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင် ကန့်ကွက် သပိတ်မှောက်ခဲ့သည့် တန်ဆောင် မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား နေ့ (National Day)အဖြစ် အများသဘောတူ သတ်မှတ်ခဲ့သည်။
“အမျိုးသား”ဆိုသည်မှာ “နိုင်ငံတစ်ခု တွင် ဘိုးစဉ်ဘောင်ဆက် အတူတကွနေထိုင် လာခဲ့ကြသူများ” ဟု အဓိပ္ပာယ်ရပါသည်။ အမျိုးသားရေးအသွင်ဆောင်သည့် ထိုယူနီ ဗာစီတီသပိတ်ကို နိုင်ငံအဝန်း မြို့တိုင်းလိုလို က   ထောက်ခံကြပြီး   အမျိုး၊  ဘာသာ၊ သာသနာနှင့်         အမျိုးသားပညာရေးကို အထောက်အကူပြုမည့် ရန်ကုန်မြို့ မြို့မ ကျောင်းများ (အ.ထ.က ၂ ဒဂုံ၊ အထက ၃ ဒဂုံ) အပါအဝင် အမျိုးသားကျောင်းပေါင်း ၁၄၅   ကျောင်း   ပေါ်ပေါက်လာခဲ့သည်။ ထိုအမျိုးသားကျောင်းများထဲတွင် ပဲခူးမြို့မှ အမျိုးသားတန်းမြင့်ကျောင်း (ယခု အမှတ် ၃ အ.ထ.က-ပဲခူး) လည်း ပါဝင်ပါသည်။
ပဲခူးမြို့နှင့် အမျိုးသားကျောင်း
ဦးဆောင်သူများကို   ဖိနှိပ်ချုပ်ချယ်မှု များစွာလုပ်ခဲ့ရာ ယင်းတွင် အသင်းအဖွဲ့များ မဖွဲ့စည်းရန်  တားမြစ်မှုများ ပါဝင်ခဲ့သည်။ သို့သော် သူ့ကျွန်မခံစိတ်ရှိကြသော မျိုးချစ် စိတ်ရှိသူတို့က လိမ္မာပါးနပ်စွာဖြင့် ဘာသာ ရေးဆန်သော အသင်းအဖွဲ့များ စတင်ဖွဲ့စည်း ခဲ့ကြသည်။ ထိုအသင်းအဖွဲ့များမှတစ်ဆင့် ပြည်သူတို့၏ မကျေနပ်ချက်များ၊ နစ်နာချက် များကို   ထုတ်ဖော်ပြောဆို  ရေးသားကာ အုပ်ချုပ်သူတို့ထံ    တင်ပြ   တောင်းဆိုခဲ့ကြ သည်။ 
ထိုသို့ဖြင့်   ပြည်သူတို့၏  နားမျက်စိ များကို   ဖွင့်ပေးနိုင်ခဲ့ကြသည်။   ထိုအသင်း အဖွဲ့များတွင်   Y.M.B.A  (Young Men’s Buddhist  Association)  သည်  အလွန် ထင်ရှားပြီး   အရေးပါခဲ့ပါသည်။  Y.M.B.A အသင်းကြီးသည် လွတ်လပ်ရေးကြိုးပမ်းမှု အတွက်   ပထမဆုံး  စတင်လှုပ်ရှားခဲ့သည့် အသင်းကြီးဖြစ်သဖြင့် “လွတ်လပ်ရေးအစ Y.M.B.A က”ဟုပင် ဆိုစမှတ်ပြုခဲ့ရပါသည်။ ထိုအသင်းကြီးကို ခေတ်ပညာတတ်လူငယ် သုံးဦးဖြစ်သော   ဦးဘဘေ  (B.A)၊  M.A မောင်ကြီးနှင့် ဒေါက်တာဘရင်တို့က ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျောင်းသား လူငယ် ၂၀ ဖြင့် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်း ခဲ့သည်။ ရည်ရွယ်ချက်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊   ပညာ   တိုးတက်ကြီးပွားရေးကို အစွမ်းကုန်   ဆောင်ရွက်ရန်   ဖြစ်သည်။    ထိုအဖွဲ့ကြီးသည်   အစပိုင်းတွင်   ဘာသာ ရေးရာ ကိစ္စများကို အဓိကထား ဆောင်ရွက်ခဲ့ သော်လည်း   နောက်ပိုင်းတွင်    ပြည်သူတို့ အသံများကို ဖွင့်ဟနိုင်အောင် ဆောင်ရွက်နိုင် ခဲ့သည်။ 
အသင်းကြီး၏    တောင်းဆိုချက်များကို ဗြိတိသျှအစိုးရက လိုက်လျောပေးခဲ့ရသည်ကို တွေ့ရသည်။ ထင်ရှားသောအချက်မှာ ၁၉၁၇ ခုနှစ် ဇူလိုင်လ ၅ ရက် (ကြာသပတေးနေ့) နံနက် ၄ နာရီ ၄၅ မိနစ်က ပဲခူးမြို့တွင် ပြင်းထန်သော   ငလျင်လှုပ်ခဲ့၍  ရွှေမော်ဓော စေတီတော်ကြီး၏ ငှက်ပျောဖူးကြီး တနင်္လာ ထောင့်ဘက်သို့  ပြိုကျခဲ့ရာ  ဒုတိယဘုရင် ခံချုပ်  ဆာရယ်ဂျီနယ်  ကရက်ဒေါက်(Sir Reginald Cradock) လာရောက်စစ်ဆေးစဉ် ဘုရားပေါ်သို့    ဖိနပ်စီးတက်ရောက်ခဲ့ခြင်း အပေါ်  ပဲခူးမြို့သူ  မြို့သားများက Y.M.B.A အသင်းကြီးသို့ မကျေနပ်ကြောင်း တိုင်ကြား ခဲ့သည်။ အသင်းကြီးက ၁၉၁၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင်  ဂျူဗလီဟော၌  သင်းလုံး ကျွတ် အစည်းအဝေးလုပ်ပြီး ကရက်ဒေါက်၏  အပြုအမူကို ကန့်ကွက်ကြောင်းနှင့် နိုင်ငံခြား သားများ  မြန်မာတို့  အထွတ်အမြတ်ထားရာ   ဘုရားကျောင်းကန်များအတွင်း  ဖိနပ်စီးခြင်း ကို ကန့်ကွက်တောင်းဆိုခဲ့သည်။   ခြောက်လ အကြာ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ တွင်    ဗြိတိသျှအစိုးရက    “လူမျိုးခြားနှင့်
ဘာသာခြားများ ဘုရားမြေ၊ ကျောင်းမြေများ တွင် ဖိနပ်မစီးရ”ဟူသည့် အမိန့်ထုတ်ပြန် ပေးခဲ့ရသည်။ သမိုင်းအစဉ်အလာ ကြီးမား ခဲ့သည့် Y.M.B.A အသင်းကြီး၏ ဦးဆောင် ကူညီမှုဖြင့် ၁၉၁၂ ခုနှစ်တွင် ပဲခူးမြို. Y.M.B.A ကျောင်းကို မွေးဖွားသန့်စင်ပေးခဲ့သည်။  
ပဲခူးမြို့သူမြို့သားတို့က ငွေအား လူအား ဖြင့် အလယ်တန်းကျောင်းအဆင့်ဖြင့် စတင် တည်ထောင်ခဲ့ကြပြီး  ၁၉၂၀ ပြည့်နှစ်တွင် အမျိုးသားတန်းမြင့်ကျောင်းအဖြစ် တိုးချဲ့ တည်ထောင်နိုင်ခဲ့ကြသည်။  ၁၉၆၅ ခုနှစ် တော်လှန်ရေးကောင်စီ  လက်ထက်တွင်မူ ပြည်သူပိုင်အသိမ်းခံရကာ        အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအဖြစ် ပြောင်းလဲခဲ့ပါသည်။   ပဲခူးမြို့  အမျိုးသား တန်းမြင့်ကျောင်း၏   ခေတ်အဆက်ဆက် သမိုင်းတစ်လျှောက်   ကျောင်းတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ကျေးဇူးရှင် ဆရာကြီး လေးဦးရှိရာ ဆရာကြီး ဦးသက် တင်၊ ဦးသာဒင်၊ ဦးသန်းနှင့် ဦးဘကြည်တို့ ဖြစ်ကြသည်။ 
ဆရာကြီး    ဦးသက်တင်သည်    ၁၉၂ဝ ပြည့်နှစ် အမျိုးသားကျောင်းများ  စတင် ပေါ်ပေါက်လာသည်မှစ၍   မြန်မာစာနှင့် မြန်မာ့သမိုင်းဘာသာများကို စွမ်းစွမ်းတမံ သင်ကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ရှိအမျိုးသားပညာရေးကောင်စီ Council  of  National  Education က ခန့်အပ်စေလွှတ်လိုက်ခြင်း     ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသဖြင့် ကျောင်း များ ပိတ်ထားရစဉ်မှာ ဆရာကြီး ဦးသာဒင် နှင့်အတူ ကျောင်းကို စောင့်ရှောက်ခဲ့သည်။ စစ်ကြီးအပြီး  ၁၉၄၇  ခုနှစ်  ကျောင်းကို ပြန်လည်ထူထောင်ရာ တပည့်များဖြစ်ကြ သော   ဦးသန်း၊   ဦးဘကြည်တို့နှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့သည်။ “မြန်မာနိုင်ငံ သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂ဝ အချိန်တွင်  လွတ်လပ်ရေး ရမည်” ဟု   တွက်ချက်နိုင်ခဲ့သည့်   ဗေဒင် ပညာရှင်လည်းဖြစ်ကြောင်း သိရပါသည်။
ဆရာကြီး ဦးသာဒင်သည်  ၁၉၂၃  ခုနှစ် နိုဝင်ဘာလ    ၅   ရက်   တနင်္လာနေ့မှစပြီး ပဲခူးမြို့    အမျိုးသားတန်းမြင့်ကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ်  တာဝန်ယူခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်  အမျိုးသားရေးစိတ်ဓာတ် များ  နိုးကြားလာမှုကြောင့်  နိုင်ငံတစ်ဝန်း အမျိုးသားကျောင်းပေါင်း ၁၄၅ ကျောင်း ပေါ်ထွန်းလာခဲ့သော်လည်း    အခက်အခဲ အမျိုးမျိုးကြောင့်   ၁၉၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်း တွင်   အမျိုးသားကျောင်း  ၅၂  ကျောင်းသာ ကျန်တော့သည်။ 
ပဲခူးမြို့အမျိုးသားကျောင်းသည်လည်း အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားရင်း ယနေ့ထက်တိုင် ပညာအမွေပေးနိုင်နေသော ကျောင်းတော်ကြီး   ဖြစ်သည်။  ဆရာကြီး ဦးသာဒင် ကျောင်းအုပ်အဖြစ် တာဝန်ယူစဉ် က ကျောင်းသား ၁၃၈ ဦး၊ ကျောင်းလက်ကျန် ရန်ပုံငွေ တစ်ဆယ်ကျပ်၊ အကြွေး ၈၀ဝ ကျပ် ရှိနေခဲ့သည်ဟု    သိရသည်။   ဆရာကြီး၏ စွမ်းဆောင်မှုကြောင့် ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် ကျောင်းသား ၆၀၀  အထိ ဖြစ်လာ  ခဲ့သည်။ ဆရာကြီး ဦးသာဒင်သည် နိုင်ငံတော် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရကာ  နိုင်ငံ့ဂုဏ်ရည်  ပထမဆင့်ရရှိခဲ့သူ ဖြစ်သည်။
ဆရာကြီး ဦးသန်းသည် စစ်ကြီးကြောင့် ပိတ်ထားခဲ့ရသည့် ကျောင်းကို စောင့်ရှောက် ခဲ့ပြီး စစ်ကြီးအပြီး ၁၉၄၇ ခုနှစ် ဇွန်လ ၂ ရက် တနင်္လာနေ့တွင်    အမျိုးသားတန်းမြင့် ကျောင်းအဖြစ် ပြန်လည်ထူထောင်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့သူ   ဖြစ်သည်။   ပညာ သင်ကြားမှု ပြတ်တောက်ခဲ့သဖြင့် အရည် အချင်းတူ ကျောင်းသားများကို အုပ်စုလိုက် စုစည်းသင်ကြားပေးရပါသည်။  ကျောင်းအုပ် တာဝန်အပြင် ဆရာ ဆရာမများကိုလည်း အရည်အချင်းတိုးတက်အောင် ဆောင်ရွက် ပေးခဲ့သည်။ ကျောင်းသား ကျောင်းသူများကို ထူးချွန်သူများဖြစ်အောင်    တွန်းအားပေး သင်ကြားနိုင်ခဲ့သည်။  ကျေးဇူးရှင်ဆရာကြီး ဖြစ်သည်။ အငြိမ်းစားယူပြီးနောက် ပဲခူးတိုင်း ပညာရေးအရာရှိ (Officer in Special Duty-O.S.D)အဖြစ် ခန့်အပ်ခဲ့ရသည်။ ဆရာကြီး ဦးဘကြည်သည် သိပ္ပံဘွဲ့ရဆရာကြီးဖြစ်ကာ ကျောင်းသားများကို    သိပ္ပံပညာရပ်များ ဖြစ်သည့်  သင်္ချာ၊   ရူပဗေဒ၊   ဓာတုဗေဒ ဘာသာရပ်များကို   သင်ကြားပေးခဲ့သည်။ စစ်ပြီးခေတ်  အမျိုးသားတန်းမြင့်ကျောင်း သည်  အစိုးရအထောက်အပံ့   မယူသော၊ Government Recognised Private School အစိုးရအသိအမှတ်ပြု   အလွတ်ပညာသင် ကျောင်းအဖြစ်ရောက်အောင်  ဆောင်ရွက် နိုင်ခဲ့သည်။
အထူးသဖြင့်    အမျိုးသားတန်းမြင့် ကျောင်းဘဝကပင် ကျောင်းဆရာ၊ ဆရာမ များသည် “တပည့်မရှား၊ တစ်ပြားမရှိ၊  ပီတိ ကိုစား  အားရှိပါ၏” ဆိုသော စကားရပ် အတိုင်း  မျိုးချစ်စိတ်နှင့်  စေတနာကိုသာ အဓိကထား    အလုပ်လုပ်ခဲ့ကြသည်။ စည်းကမ်းရှိခြင်း၊ စေတနာထားခြင်း၊ ဝါသနာ နှင့် အနစ်နာခံခြင်း စသည့်စိတ်ဓာတ်အခြေခံ ကောင်းများကို ဆရာ ဆရာမများ၏  နှလုံး သားထဲ ကိန်းအောင်းနေအောင် ဆရာကြီး များက စွမ်းဆောင်ပေးခဲ့သည်။ ဆရာ၊ ဆရာမ များ  အဆက်ဆက်က    ထိုသို့စောင့်ရှောက် ထိန်းသိမ်းခဲ့ကြခြင်း၊ လက်ဆင့်ကမ်း အမွေ များ    ပေးခဲ့ခြင်းတို့ကြောင့်၊  အမျိုးသား ကျောင်း၊   အမျိုးသားတန်းမြင့်ကျောင်း၊ ထိုမှ အစိုးရအထက်တန်းကျောင်း  အမှတ်(၃)ပဲခူးမြို့သည် နှစ်ပေါင်းတစ်ရာသက်တမ်းရှိလာသည့်တိုင် ကောင်းခြင်းမင်္ဂလာအပေါင်း နှင့် ပြည့်စုံသော အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ခဲ့သည်။ 
ကျောင်းအုပ်ကြီးများမှာလည်း  ဆရာ ဦးမြင့်ဦး၊ ဦးဝင်းမောင်၊ ဦးကျင်သိန်း၊ ဒေါ်တင်  နွယ်ဦး၊ ဒေါက်တာဇင်သက်ဦးနှင့် ယခုလက်ရှိ ဒေါ်နွယ်နီအောင်   စသည့်   ကျောင်းသား ဟောင်း ဆရာ၊ ဆရာမကြီးများက ကျောင်း တော်ကြီး၏ ဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြသည်။
“ဆရာကောင်းတော့ တပည့်ကောင်း၊
တပည့်တွေကောင်းတော့    ဆရာလည်း ကောင်း၊
ဆရာနဲ့   တပည့်တွေ  ကောင်းတော့  ကျောင်းလည်းကောင်း၊
ကျောင်းတွေ  ကောင်းတော့   နိုင်ငံ ကောင်း”ဟု ဆိုရပေမည်။ 
ကျောင်းမှ    မွေးဖွားပေးလိုက်သည့် လူတော်လူကောင်းများ၊ ပညာရှင်များစွာတို့ သည် နိုင်ငံအကျိုး၊ လူသားများကောင်းကျိုး တို့ကို   စွမ်းစွမ်းတမံ   ဆောင်ရွက်နေနိုင် သည်ကို တွေ့ရပါသည်။
ဝံသာနုရက္ခိတ    တရား    (ဝံသာနုမှာ အမျိုးအနွယ်အား၊   ရက္ခိတသည် စောင့် ရှောက်ခြင်း)ဖြစ်၍ ယင်းသည် အမျိုးသား ရေးစိတ်ဓာတ်များ နိုးကြားရှင်သန်လာစေရန် အမျိုးသားအောင်ပွဲနေ့   လှုပ်ရှားမှုကြီးနှင့် အတူ အမျိုးသားကျောင်းများက ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့နိုင်ပါသည်။ အမျိုးသား အောင်ပွဲနေ့သည်  တစ်မျိုးသားလုံးအတွက် ကောင်းကျိုးများစွာ ဆောင်ခဲ့သော မမေ့အပ် သည့် အခါသမယဖြစ်ပါသည်။
ကိုလိုနီနယ်ချဲ့စနစ်ကြောင့်   မြန်မာ့ ဇာတိမာန်၊စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု စသည် တို့ မှေးမှိန်ပျောက်ကွယ်လုနီး ဖြစ်ခဲ့ပါသည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်ဖြစ်ထွန်း လာခြင်းကြောင့်    မြန်မာစာ၊   သမိုင်း၊ ယဉ်ကျေးမှုမှအစ ဘာသာ၊ သာသနာအထိ၊ ထွန်းလင်းတောက်ပခဲ့ရပါသည်။ ထို့ကြောင့် အမျိုးသားအောင်ပွဲနေ့ကို ဘယ်သောအခါမှ မမေ့သင့်ပါ။   အမျိုးသားအောင်ပွဲနေ့နှင့် အတူ ပေါ်ထွန်းလာသော အမျိုးသားကျောင်း များ၏ ဂုဏ်ကျေးဇူးကိုလည်း အစဉ်သတိရ  ထိန်းသိမ်း နေရပေမည်။ အမျိုးသားကျောင်း များတွင် ပဲခူးမြို့ အမျိုးသားတန်းမြင့်ကျောင်း (ပဲခူး အ.ထ.က ၃) သည်လည်း ဂုဏ်ယူဖွယ် သမိုင်းကြောင်းနှင့်    ဆောင်ရွက်မှုများရှိနေ ခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
“နယသာဂရ    ပဋ္ဌာန်းဒေသနာ”တွင် “ဥပနိဿယပစ္စည်း”  ဟူ၍   ပါရှိပါသည်။ ဥပ=အားကြီးသော၊     နိဿယ=မှီရာ၊ ပစ္စယ=အထောက်အပံ့ဟု  အဓိပ္ပာယ်ရရာ ကြီးမားကျယ်ဝန်းစွာ  အကျိုးပြုခြင်း  the great  cause  ဟုလည်း  ဆိုနိုင်ပါသည်။ သံသရာမှ လွတ်မြောက်အေးငြိမ်းသည်အထိ အကျိုးပြုနိုင်သည်၊၊ ကြီးမားသည့် အထောက် အပံ့ဖြစ်သည်။  ယင်းတွင် ဥတုဘောဇနမ္ပိ၊ ပုဂ္ဂလောပိ၊ သေနာသနမ္ပိဥပနိဿယပစ္စယော ဟူ ၍ပါရှိရာ ဥတု၊ ဘောဇဉ်တို့ပြီးလျှင် ပုဂ္ဂိုလ် ခေါ် ကလျာဏမိတ္တဆိုသည့် မြတ်သောဆရာ၊ ဆရာမများ၊ မိတ်ဆွေများကြောင့် အကျိုး စီးပွားများစွာ  ရစေနိုင်သလို သေနာသနခေါ် အမျိုးသားတန်းမြင့်ကျောင်းဆိုသည့် နေရာ ထိုင်ခင်းကလည်း များစွာအကျိုးပြုသည်ကို ဆင်ခြင်မိပါသည်။ ၂၀၂ဝ ပြည့်နှစ်  နှစ်ပေါင်း တစ်ရာပြည့်မည့်    အမျိုးသားအောင်ပွဲနေ့ ရာပြည့်သဘင်နှင့်အတူ ပဲခူးမြို့ အမျိုးသား တန်းမြင့်ကျောင်း  အ.ထ.က(၃)  ပဲခူး၏ ရာပြည့်ပွဲကိုလည်း ဂုဏ်ယူဝမ်းမြောက်စွာ မမေ့မလျော့ ဆင်နွှဲကြရပေတော့မည် ဖြစ်ပါ သတည်း။
ကျမ်းကိုး--အမျိုးသားကျောင်း မှတ်တမ်း (အမျိုးသားနေ့စိန်ရတုသဘင်)၊
အမှတ်(၃)အ.ထ.က ပဲခူး (ယခင်အမျိုးသား တန်းမြင့်ကျောင်း) ရာပြည့်မဂ္ဂဇင်း။
ဆောင်းပါးရှင်၏ 
ကိုယ်ရေးအကျဉ်း
---------------------
- အဖ  သမာဓိမြို့ဝန်ဦးဘိုးကြန်၊ အမိ ဒေါ်တင်မေတို့ဖြစ်ပြီး  ၂၇-၃-၁၉၅၂  ခုနှစ် ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းတွင် မွေးဖွားပါသည်။ ပဲခူးမြို့ အ-ထ-က(၃)မှ     ၁၉၇၀  ပြည့်နှစ်တွင်     ဆယ်တန်း အောင်မြင်သည်။
- ၁၉၇၀    ပြည့်နှစ်တွင်     မန္တလေး ဆေးတက္ကသိုလ်နှင့်     ရန်ကုန်ဆေး တက္ကသိုလ်(၂)တို့တွင်  တက်ရောက် သင်ကြားခဲ့ပြီး   ၁၉၇၈ ခုနှစ်တွင် ဆေးပညာဘွဲ့ M.B.B.S. ရရှိခဲ့သည်။
- ၁၉၈၂ ခုနှစ်မှစပြီး   ကျန်းမာရေး ဦးစီးဌာနနှင့်    လူမှုဖူလုံရေးအဖွဲ့တို့ တွင်   တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ထမ်းလုပ်သက်   နှစ် ၃၀    အပြီး အငြိမ်းစားယူခဲ့သည်။
- ၁၉၉၅ ခုနှစ်မှစပြီး စာရေးသားခဲ့သည်။
 health for All,Eternal Light,Labour Digest,Health  Digest,  Happy Time, Skynet health channel ၊ သုတပဒေသာ၊   စာပေခရီးသွားနှင့် လူငယ်စာစဉ်များ၊   အတွေးအမြင်၊ Today  Media စသည့်စာစဉ်များ၊  မဂ္ဂဇင်း၊   ဂျာနယ်များနှင့်     မြန်မာ့ အလင်း၊ ကြေးမုံ၊ စံတော်ချိန်သတင်း စာများတွင် စာရေးသားလျက်ရှိသည်။ စာပေဗိမာန်စာမူဆု ကိုးဆုရရှိထား သည်။
- “ခြောက်ဆယ်အသက်   ကျော်ကာ တက်၊   ခုနစ်ခါလဲရင်  ရှစ်ခါထပါ၊ ဆရာဝန် မဖြစ်ချင်ပါ၊ နှင်းဆီပွင့်ကဲ့သို့ လည်း၊   ကိုယ်ကျင့်ကအပင်၊  အရိပ်က သိက္ခာ”စသည့်  လုံးချင်းစာအုပ်  ၄၀ အုပ်   ထုတ်ဝေခဲ့ပြီးဖြစ်သည်။   ဇနီး ဒေါ်စုစုမွှေး၊   သားသမီးသုံးယောက် တို့နှင့်အတူ   ညောင်လေးပင်မြို့တွင် နေထိုင်လျက်ရှိသည်။
- ယခုအခါ ရန်ကုန်မြို့ လမ်း၄၀ ၊ အမှတ် ၂၁၉ ရှိ  “Health for  All” မဂ္ဂဇင်းတိုက် တွင်  အယ်ဒီတာချုပ်၊    မြန်မာနိုင်ငံ စာရေးဆရာအသင်း  ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်၊  မြန်မာနိုင်ငံ ဆရာဝန် အသင်း  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်၊ မဲခေါင်စာပေဆုရွေးချယ်ရေးအဖွဲ့၊ စာပေဗိမာန်စာမူဆုနှင့်       ပခုက္ကူ ဦးအုန်းဖေ      စာမူဆုရွေးချယ်ရေး အဖွဲ့ဝင်         စသည့်တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။
မြန်မာ့အလင်း