ပဲခူး၊ ၁၄ ဒီဇင်ဘာ

 

ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့အတူ ကြခတ်ဝိုင်းကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကာ သံဃာတော်များ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအပေါ် ဆက်လက်ဆောင်ရွက်ပေးရန်များကို လျှောက်ထားတင်ပြပြီး လိုအပ်သော အကာအကွယ်ပစ္စည်းများကို လှူဒါန်းကာ ကျောင်းတိုက်ရှိ သံဃာအပါး (၂၀၀)ခန့်အတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို လျှောက်ထားခဲ့ကြကြောင်း သိရှိရသည်။

 

ပဲခူးမြို့ပေါ်ရှိ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်ကြီး၌ သီတင်းသုံးလျက်ရှိသော သံဃာ(၁)ပါးသည် ဒီဇင်ဘာ ၁၁ ရက်မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း ခံစားရကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့သဖြင့် ပဲခူးခရိုင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းသွားရောက်၍ သံသယရောဂါလက္ခဏာရှိသူ သံဃာများနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သည့် သံဃာများ၊ ၎င်းသံဃာများ နေမကောင်းစဉ် သွေးပေါင်ချိန်ပေးခြင်း၊ အဖျားတိုင်းပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သူ (၁)ဦးတို့အား COVID-19 Antigen RDT ဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ စုစုပေါင်း သံဃာ (၅)ပါးတွင် ပိုးတွေ့ရှိရပါသဖြင့် ပိုးတွေ့လူနာကုသဌာနဖြစ်သည့် CB Center သို့ ပို့ဆောင်ကုသပေးခဲ့ပြီး RDT Negative ဖြစ်သည့် ကျန်အနီးကပ် ထိတွေ့ခဲ့သူများအား ကြခတ်ဝိုင်းစာသင်တိုက်၌ Strict Qurantine ထားရှိ၍ COVID-19 Surveillance လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အဆိုပါသတင်းရလျှင်ရခြင်း အထက်ဌာနအဆင့်ဆင့်သို့ သတင်းပို့ခြင်း၊ ဆရာတော်/သံဃာတော်များ၊ ကျောင်းဒကာများ၊ ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးသည့်အပြင် အလားတူကိစ္စမျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ပဲခူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟတို့ ဦးဆောင်သောအဖွဲ့မှ ပဲခူးမြို့ပေါ်ရှိ စာသင်တိုက်များသို့ သွားရောက်၍ စာသင်တိုက်များရှိ သံဃာတော်များအားလုံး Mask နှင့် Face Shield တပ်ဆင်အသုံးပြုရေး၊ ဆွမ်းစားကျောင်းတွင် စုပေါင်း၍ ဆွမ်းဘုန်းပေးခြင်း၊ စုပေါင်းစာအံခြင်းတို့ မပြုလုပ်ဘဲ မိမိတို့၏ ကျောင်းနေရာများတွင်သာ ဆွမ်းစားခြင်း၊ စာအံခြင်း၊ ဝတ်တက်ခြင်းတို့ ဆောင်ရွက်နိုင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေရေး စသည်တို့ကို မြို့နယ်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်အပါအဝင် ကျောင်းထိုင်ဆရာတော်ကြီးများသို့ တင်ပြလျှောက်ထားခဲ့ပါကြောင်း သိရှိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၆၀၂၇ ဦးရှိပြီး ပဲခူးမြို့နယ်တွင် ၁၇၂၇ ဦး တွေ့ရှိခဲ့ကာ ပဲခူးပြည်သူ့ဆေးရုံကြီး ကူးစက်လူနာကုသဆောင်(ကလိ)၊ တိုင်းရင်းဆေးရုံနှင့် CB Center (ပဲခူးတက္ကသိုလ်) တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၀၀ ကျော်အား ကုသပေးလျက်ရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၏ ပြောကြားချက်အရ သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)