ပဲခူး ၂ ဇွန်

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးမြို့၊ မြို့ဦးကင်းအနီး စျေးသစ်တည်ဆောက်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် ဝန်ကြီးချုပ်က  ပဲခူးမြို့အတွင်း ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော စျေးများရှိသော်လည်း တိုးတက်လာသည့် မြို့ပြလူဦးရေကြောင့် စျေးဟောင်းများတွင် ထပ်မံစျေးတိုးချဲ့ရန် မြေနေရာမရှိခြင်း၊ တိုးတက်လာသော မြိုပြတစ်ခုနှင့် ကိုက်ညီသော စျေးသစ်များ ထပ်မံလိုအပ်လာပြီဖြစ်ကြောင်း၊ ပဲခူးမြို့အဝင်တွင် တက္ကသိုလ်၊ စက်ရုံ/အလုပ်ရုံများအတွက် အသုံးပြုရန် မြို့ဦးကင်းအနီး စျေးသစ်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ လျော့ချပေးနိုင်ခြင်းနှင့် ပြည်သူများ သန့်ရှင်းပြီး စနစ်ကျသော စျေးများတွင် လွတ်လပ်စွာ ဝယ်ယူ ရောင်းချနိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့ဦးကင်းအနီး စျေးသစ်တည်ဆောက် အကောင်အထည်ဖော်ရေး အဖွဲ့ခေါင်းဆောာင်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း က စျေးသစ်တည်ဆောက်နိုင်ရေး ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆင့်ဆင့် ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်က မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စျေးသစ်ဒီဇိုင်းအား ပညာရှင်များပါဝင်သော အဖွဲ့ဖြင့် စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနမှ လက်ရှိမြေအသုံးချမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ထပ်မံလမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါ စျေးသစ်သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ မြေတိုင်းရပ်ကွက်အမှတ်(၂)၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မပါလလမ်းကြားရှိ စည်ပင်ပိုင်စျေးမြေနေရာအဖြစ် လျာထားသည့် ဧရိယာ(၁၉.၄၄၂)ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

တင်စိုး(ပဲခူး)