ပဲခူး ၁  ဖေဖော်ဝါရီ

     

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား တတိယအကြိမ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဂိုဏ်းပေါင်းစုံ သံဃနာယကဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့် သီလရှင်များအား တတိယအကြိမ်မြောက် ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်တော်​လောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

1

     

ရှေးဦးစွာ နိုင်ငံတော်သြဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်ဗဟိုဝန်ဆောင်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်ဆရာတော်ကြီး (၁၂၈)ပါးနှင့်  စာအောင်သံဃာ (၂၂၁၂)ပါး စုစုပေါင်း (၂၃၄၀) ပါးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာပြုလုပ်တော်မူကြပြီး စာအောင်သံဃာတော်များနှင့် သီလရှင်များအား ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဂုဏ်ပြုချီးကျူးပူဇော်ပွဲ ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ကြို့ပင်ကောက်မြို့ တိုက်ကျောင်းပါဠိတက္ကသိုလ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိဘဒ္ဒန္တကောဏ္ဍညထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ပေးသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။

 

ယင်းနောက် နာယကဆရာတော်ကြီးများအား သင်္ကန်းစသည့်လှူ ဖွယ်ဝတ္ထုပစ္စည်းများကို ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းပြီး စာအောင်သံဃာများနှင့် သီလရှင်များအတွက် စာအောင်ဆုနှင့် ဓမ္မပူဇာများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ကာ လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် သာမဏေကျော် စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဝိစက္ခဏလင်္ကာရာ ဘိဝံသထံမှ ဝင်းနိမ္မိတာရုံ စာသင်တိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေးကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်း၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

     

၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ပဲခူးတိုင်းဒေသကြီးအတွင်းမှ စာချ-ဘွဲ့ရ၊ နိကာယ်-ဘွဲ့ရ၊ ဓမ္မာစရိယတန်း (တစ်ကျမ်းစွဲ၊ နှစ်ကျမ်းစွဲ)၊ နိကာယ်ဓမ္မာစရိယတန်း၊ (တစ်ကျမ်းစွဲ၊ နှစ်ကျမ်းစွဲ)၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြု မူလတန်းများတွင် အောင်မြင်တော်မူခဲ့သော စာအောင်ရဟန်းသံဃာတော်များ၊ သာမဏေများ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများမှာ ပဲခူးခရိုင်မှ (၁၀၅၂) ပါး၊ တောင်ငူခရိုင်မှ (၄၈၅) ပါး၊ ပြည်ခရိုင်မှ ရဟန်း (၃၇၉) ပါး၊ သာယာဝတီခရိုင်မှ (၂၉၆) ပါး၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ စာချဘွဲ့ရ (၃၁) ပါး၊ နိကာယ်ဘွဲ့ရ (၁၁၆) ပါး၊ စာချ-စွဲ (၁၀၉) ပါး၊ နိကာယ်-စွဲ (၂၆၃) ပါး၊ ပထမကြီး (၂၆၁) ပါး၊ ပထမလတ်တန်း (၃၂၀) ပါး၊ ပထမငယ်တန်း (၃၀၈) ပါး၊ အခြေပြုမူလတန်း (၈၀၄) ပါး စုစုပေါင်း (၂၂၁၂) ပါး ဖြေဆိုအောင်မြင်ကြောင်း သိရသည်။

 

4

   

အတန်းအသီးသီး၌ ဖြေဆိုအောင်မြင်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာချဘွဲ့ရ တစ်ပါးလျှင် (၁၅၀၀၀၀) ကျပ်၊ နိကာယ်ဘွဲ့ရတစ်ပါးလျှင် (၁၀၀၀၀၀) ကျပ်၊ စာချ-စွဲ တစ်ပါးလျှင် (၇၀၀၀၀) ကျပ်၊ နိကာယ်-စွဲတစ်ပါးလျှင် (၅၀၀၀၀) ကျပ်၊ ပထမကြီးတန်းတစ်ပါးလျှင် (၄၀၀၀၀) ကျပ်၊ ပထမလတ်တန်း တစ်ပါးလျှင် (၃၀၀၀၀) ကျပ်၊ ပထမငယ်တန်း တစ်ပါးလျှင် (၂၀၀၀၀) ကျပ်၊ အခြေပြု မူလတန်းတစ်ပါးလျှင် (၁၅၀၀၀) ကျပ် စုစုပေါင်းစာအောင်သံဃာ (၂၂၁၂) ပါးအတွက် ကျပ် ၇၅၂၉၀၀၀၀ လှူဒါန်းပေးနိုင်ခဲ့​ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံအလှူများက သံဃာတော်အပါး (၂၃၄၀) ပါးတို့အား ဆွမ်းဆန်တော် လောင်းလှူခဲ့ကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)