ပဲခူး မတ် ၁၂
ပဲခူးမြို့ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့တွင် အဆိုပါရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တ နာရဒါဘိဝံသ၊ ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ ပဲခူးမြို့ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်၊ ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပူဇော်ကြသည်။
ထို့နောက် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များက ဇယမင်္ဂလာ အောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး ပါဒစေတီတော်မြတ်ကြီးအား အမွှေးနံ့သာဖြင့် ပက်ဖျန်းပူဇော်ကာ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။
ယင်းနောက် ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဦးဆောင်ပဓာန ကမကထပြု ချီးမြှင့်တော်မူခဲ့ကြသည့် လှရတနာဆရာတော်နှင့် ကြခတ်ဝိုင်းဆရာတော်တို့အား ဂုဏပူဇာမှတ်တမ်းလွှာများ ဆက်ကပ် ပူဇော်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် အလှူရှင်များက ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် ဧည့်ပရိသတ်များက ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


