ပဲခူး ၂၀ နိုဝင်ဘာ
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဦးဆောင်ပြီး အမျိုးသမီး ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ "ရင်သားကင်ဆာနှင့် ကနဦး စမ်းသပ် စစ်ဆေးခြင်း ဆိုင်ရာ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ သီရိဟံသာ ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေရောင်နှင်းဆီ ကင်ဆာ ဖောင်ဒေးရှင်းမှ ဒေါက်တာဒေါ်ခင်သီရိက ရင်သားကင်ဆာနှင့် ကနဦး စမ်းသပ် စစ်ဆေးခြင်း ဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်း(MWCDF)ဥက္ကဌ ဒေါ်ခင်ဝတ်ရည်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင်များနှင့် အခမ်းအနား ဖြစ်မြောက်အောင်ကူညီပေးသူများအား မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာက ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
" မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြင့်တင်ရေးအသင်းမှဦးဆောင်ကာ အမျိုးသမီးများ ကျန်းမာရေးဏ္ဍနှင့်ပက်သက်ပြီး ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ဟောပြောပို့ချပေးခြင်းဖြစ်ပါတယ်၊ ရည်ရွယ်ချက်အနေနဲ့ကတော့ ကျွန်မတို့ နိုင်ငံမှာ သာမက ကမ္ဘာမှာပါ နှစ်စဉ် ရင်သား ကင်ဆာဖြစ်ပွားမှု (၁၃)သိန်းခန့်ရှိပြီး နှစ်စဉ်(၄)သိန်းခွဲခန့် သေဆုံးနေကြတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေ ရင်သားကင်ဆာ ဖြစ်ပွားမှု အများဆုံးဖြစ်ပါတယ်၊ ရင်သား ကင်ဆာ ကို စောစောစီးစီးသိရင် ကုသပျောက်ကင်းနိုင်တာကြောင့် "ဂရုပြုမူ မိမိကအစပြု ဆိုသလို" ရင်သား ကင်ဆာမဖြစ်အောင်(၁)လလျှင်တစ်ကြိမ် မိမိကိုယ်တိုင် စမ်းသပ်ပြီး ကြိုတင်စစ်ဆေး ဆေးကုသမှုခံယူပါက ကင်ဆာအဆင့်သို့ မရောက်အောင် ကာကွယ် နိုင်ပါတယ်၊ ရှက်ကြောက်ပြီး ဆေးမီးတိုများနှင့် ကုသခြင်းသည် ရောဂါကိုရင့်စေပါတယ်၊ ကျန်းမာရေးအသိပညာတိုးပွားစေရန် အမျိုးသမီးများ ကျန်းမာရေး ကဏ္ဍအတွက် ရင်သား ကင်ဆာ၊ သားအိမ်ကင်ဆာအကြောင်းများကို သိရှိစေလိုသော ရည်ရွယ်ချက်၊ ကင်ဆာကြောင့် သေဆုံးမူ လျော့ပါးစေချင်တဲ့ ရည်ရွယ်ချက်၊ အမျိုးသမီးများ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာစေဖို့ အတွက် အာဟာရပြည့်ဝတဲ့အစားစာများ စားသောက်ပြီး နေထိုင်စေဖို့ အသိပညာ ပေးရခြင်း ဖြစ်ပါတယ်၊ အသက်(၁၈)နှစ်မှ(၅၀)နှစ်အတွင်းသတ်မှတ်ထားရှိသည့် သင်တန်းသူ (၆၅)ဦး တက်ရောက်ပြီး မိမိဝန်းကျင်မှာ ပြန်လည်၍ လူထုအသိပညာပေးပြန်လည်မျှဝေနိုင်သော သင်တန်း သူများ ဖြစ်ကြပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည်က ပြောသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်း (MWCDF) ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံ အမျိုးသမီး များနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း (MWCDF)ဥက္ကဌ ဒေါ်တင်စိန်နှင့်အဖွဲ့ဝင်များ၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများနှင့် အသက်(၁၈)နှစ်မှ (၅၀)နှစ် အတွင်းရှိ သင်တန်းသူ (၆၅)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


