ပဲခူး၊ ၂၆ ဇန်နဝါရီ

 

ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေ‌ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၆ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

 

ထို့နောက် သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ် သိန်း(၃၀၀)နှင့် ပဲခူးမြို့ အထွေထွေရောဂါကု‌ဆေးရုံကြီးတွင် အရေးပေါ်ဆေးဝါးများ ဝယ်ယူနိုင်ရေး အတွက် အလှူငွေကျပ်သိန်း(၁၀၀)တို့အား ပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ကာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ကျန်းမာရေးအထောက်အကူပစ္စည်းများအား ဆရာတော်ကြီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ်(၁၇)သိန်းအား ဝန်ကြီးချုပ်ဦးဝင်းသိန်းထံ လာရောက်လှူဒါန်းကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)