ပဲခူး မတ် ၆
ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လှပစေရေး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ မတ် ၆ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ ငါးထပ်၊ လေးလုံး အခန်းပေါင်း ၈၀ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရိပ်ရ သစ်ပင်များ စိုက်ပျိုးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များဖြင့် အဆောက်အအုံများအား စနစ်တကျ စိစစ်လက်ခံဆောင်ရွက်သွားရန်နှင့် အိမ်ရာဝင်း အတွင်း/အပြင် ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၌ တည်ဆောက်လျက်ရှိသော အားကစား ဥယျာဉ်စီမံကိန်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝင်/ထွက် လမ်းများ စနစ်တကျ ပြန်လည်ဖော်ထုတ်ရန်၊ ဌာနဆိုင်ရာ မြေဧရိယာအတွင်း တရားမဝင် ကျူးကျော်နေထိုင်မှု မရှိစေရန်နှင့် စံချိန်စံညွှန်းအညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်အနီး၊ ရန်ကုန်-မန္တလေး ကားလမ်းနှင့် ပဲခူးမြို့ အနောက်ဘက် မြို့ရှောင်လမ်းကြား Public Area မြေနေရာ၌ ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဒီဇိုင်းများ အတိုင်း စနစ်တကျ အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ကြရန်နှင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ အထင်ကရ ကမ္ဘောဇသာဒီ နန်းတော်အတွင်းရှိ ဟံသာဝတီ ရှေးဟောင်းသုတေသန ပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် စေရေး Landscaping Design ပြန်လည်ရေးဆွဲ ဆောင်ရွက်ရန်နှင့် ပြတိုက်အတွင်း အဆင့်မြှင့်တင် လုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


