ပဲခူး ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပဲခူးမြို့အား တိုင်းမြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အတွင်းရှိ ကျိုက်ပွန်ဘုရားလမ်းအား လမ်းဧရိယာပေ (၁၅၀) အကျယ် လမ်းချဲ့နေမှုနှင့် ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုအဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသည့် လမ်းသည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပွန်ဘုရားသို့ ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာ ဝင်/ထွက် သွားလာနိုင်ရေးနှင့် ဘုရားပွဲကျင်းပရာ အဓိက လမ်းမကြီးတစ်ခုဖြစ်၍ သတ်မှတ်ချက်များအတိုင်း အချိန်မီပြီးစီးရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးရန်နှင့် လမ်းမီးများ ထွန်းလင်းစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နာရဏီသိမ်လမ်း၊ ဦးကျင်အောင်လမ်းနှင့် ဒေါနလမ်းတို့အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းတစ်ခုတွင် ပါဝင်ရမည့် ရေနုတ်မြောင်းများ၊ အရိပ်ရသစ်ပင်များ၊ လမ်းညွှန်ဆိုင်းဘုတ်များနှင့် လမ်းမီးတိုင်းများ တစ်ပါတည်းပြီးစီးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ် ကျောင်းရှေ့ပတ်လည် အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှောက်လမ်းနှင့် ထိုင်ခုံများ ဆောင်ရွက်ပေးနိုင်ရေးအတွက် Landscaping Design ရေးဆွဲတင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပဲခူးမြို့အထင်ကရ လိပ်ပြာကန်နှင့် ဟံသာဝတီရှေးဟောင်းကျုံး ပြန်လည်အဆင့်မြှင့်တင်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အပိုင်းလိုက် ထပ်မံအဆင့်မြှင့်တင်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)