ပဲခူး မတ် ၃
ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီ တော်မြတ်ကြီးအနီး၌ ယမန်နေ့နံနက်ပိုင်းက (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်ထွဋ်၊ နွေစပါး စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်မောင်ဆန်း၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်ခရိုင် ပထမဆုရရှိသည့် နတ်တလင်းခရိုင်၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်မြို့နယ် ပထမဆုရရှိသည့် ကဝမြို့နယ်နှင့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲပြခန်း ပထမဆုရရှိသည့် ညောင်လေးပင်ခရိုင်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ အစေ့ထုတ်ပြောင်း၊ ချည်မျှင်ရှည် ဝါနှင့် ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရ တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ဒုတိယ၊ တတိယ ဆုရရှိသည့် ထူးချွန်ခရိုင်/မြို့နယ်ဆုများ၊ အထူးဆုရရှိသည့် မြို့နယ်များ၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲပြခန်း ဒုတိယဆုရရှိသည့် ပြည်ခရိုင်၊ တတိယဆုရရှိသည့် ပဲခူးခရိုင်နှင့် ပြခန်းအထူးဆုရရှိသည့် ခရိုင်များနှင့် ဌာနဆိုင်ရာများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက သဘာဝ ရွက်ဖျန်းမြေဩဇာ ပြုလုပ်အသုံးပြုပုံကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် သီးနှံအထွက်နှုန်း အမြင့်ဆုံးရရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများက မိမိတို့၏ စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး သီးနှံစံပြ စိုက်ခင်းများ၊ စားဖိုဆောင်သီးနှံ စိုက်ခင်းများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာကြသူများအား စတုဒိသာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


