ပဲခူး ၁၂ ဖေဖေါ်ဝါရီ
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရွှေမော်ဓော အနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သည်။

နံနက် ၅ နာရီခွဲတွင် ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိ တိုင်ထိပ်တွင် လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖတ်ကြားပေးကာ တတ်ရောက်လာသော ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးများ၊ မြို့မိမြို့ဖများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တတ်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာနှင့် မြန်မာ့ရိုးရာ အစားအသောက်ပြခန်းများ ခင်းကျင်းပြသထားပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)