ပဲခူး  ၂၅ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ် စေးက ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် "မုဒိမ်းမှုများတားဆီးဖို့ မုဒိမ်းမှုများပပျောက်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်စို့" ဖြစ်သည်နှင့်အညီ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှလည်း တားဆီးကာကွယ်ဖို့အတွက် ပြည်သူလုထု၏ အမြင်နှင့် အတွေးအခေါ်များကို ပြောင်းလဲစေရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ရပ်ရွာလုထု အသိပညာပေးမှုများကို တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီနှင့်အတူ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ရှေ့ဆက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Video Clip ဖြင့် ပြသသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဖွေးဖွေးသဲက အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း (ပဲခူးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်မှ လုံခြုံစိတ်ချဘဝများ အမျိုးသမီးများနှင့် ကလေးသူငယ်များရစေသား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်သန်းဌေးက လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။

 

အခမ်းအနားတွင် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြကာ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပဲခူး) ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ မုဒိမ်းမှုများတားဆီးဖို့၊ မုဒိန်းမှုများပပျောက်ဖို့ အားလုံးပူးပေါင်းပါဝင်စို့ ခေါင်းစဉ်ဖြင့် ဟောပြောမှု မှတ်တမ်းဓာတ်ပုံများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ ပြခန်းများကို လေ့လာကြသည်။

 

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာအထိ ကလေးသူငယ် မှုခင်းများအနေဖြင့် သက်ငယ်မုဒိန်းမှု(၁၆)မှု၊ ခိုးယူပေါင်းသင်းမှု(၇)မှု၊ ခိုးမှု(၈)မှု၊ အိမ်တွင်း အကြမ်းဖက်မှု(၄)မှု၊ သာမန်နာကျင်စေမှု(၁)၊ ရိုက်မှု(၄)မှု၊ အိမ်ကျော်နင်းမှု(၁)မှု၊ လူသေမှု(၁)မှု၊ နာကျင်စေမှု(၈)မှု၊ လူသတ်မှု(၁)မှု၊ လိမ်လည်မှု(၁)မှု စုစုပေါင်း(၅၂)မှုဖြစ်ပွားခဲ့သည်။

 

အဖြစ်အများဆုံး မြို့နယ်များမှာ ဒိုက်ဦး၊ ရွှေကျင်၊ ကျောက်တံခါး၊ ပဲခူး၊ သနပ်ပင်၊ ရေတာရှည်(ဆွာမြို့)၊ ပြည်၊ သာယာဝတီများဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအဖွဲ့မှ ကူညီပေးမှုများ၊ ထောက်ပံ့ပေးမှုများ ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။

 

နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှား ဆောင်ရွက်မှုများကို နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ကာ ဆောက်ရွက်ခဲ့သည်။

တင်စိုး(ပဲခူး)