ပဲခူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပသည်။
တက်ရောက်ချီးမြှင့်
ဦးစွာ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က သေနတ်ဖောက်၍ တာဝေး အပြေးပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အမျိုးသား/အမျိုးသမီး တာဝေးအပြေး အားကစားသမားများက သတ်မှတ်ထားရှိသည့်နေရာများအထိ ပါဝင်ယှဉ်ပြိုင်ကြရာ ပြေးလမ်းတစ်လျှောက် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များက သောင်းသောင်းဖြဖြ အားပေးကြကာ ပန်းဝင်လာသူများအား တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပန်းကုံးစွပ်ကြိုဆိုကြသည်။
ဆက်လက်၍ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယနေ့လူငယ်မောင်မယ်များအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်သည့် လူတော်လူကောင်းများအဖြစ် နိုင်ငံ့တာဝန်ကို ရဲရင့်ယုံကြည်စွာဖြင့် အများကောင်းကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် သားကောင်း သမီးမွန်များဖြစ်အောင် ကြိုးစားနေထိုင် သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား တာဝေးအပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဝန်ကြီးများက အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူနှင့် ပန်းဝင်အဆင့် ၄ မှ ၃၀ အထိရရှိသူ များအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု များကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းတွင် ပါဝင် ဆွေးနွေးသူများအား တိုင်းဒေသကြီး ဥပဒေချုပ် ကလည်းကောင်း ဂုဏ်ပြုငွေချီးမြှင့် ပေးအပ်သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးမျိုးအောင်က အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အထိမ်းအမှတ် သဝဏ်လွှာကိုဖတ်ကြား ပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကလစ်အားပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


