ပဲခူး   နိုဝင်ဘာ   ၂၀

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမဆောင်တွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများဖြစ်သည့် အငယ်ဆင့် အာလူးကောက်ပြိုင်ပွဲ၊ အလတ်ဆင့် ပူဖောင်းသယ်ပြိုင်ပွဲနှင့် အကြီးဆင့် ကင်းခုန်ပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော ကလေးငယ်များအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ယင်းနောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပန်းခြံကုန်းပရဟိတဂေဟာမှ ကျောင်းသားလေးများက ထာဝရမြန်မာသီချင်းဖြင့် လည်းကောင်း၊ ပဲခူးအမှတ်(၁) မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက ရုံးတော်လွှတ်တော် စုံတွဲသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)