ပဲခူး မတ် ၁၇
ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်သည်။
သင်္ကြန်အကျနေ့မှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေရေးဗဟိုမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ စတုဒိသာမဏ္ဍပ်များလည်း ထည့်သွင်းကျင်းပသွားရန် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
သင်္ကြန်နှင့်ယိမ်း ခွဲခြားမရသဖြင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ သင်္ကြန်ယိမ်း ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာများမှ သင်္ကြန်ယိမ်းအဖွဲ့ ၂၃ ဖွဲ့ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကြမည်ဖြစ်ကာ ဆုရရှိသည့် ယိမ်းအဖွဲ့များအား ထိုက်တန်စွာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးရှိ မြို့နယ် ၂၈ မြို့နယ်အတွက်လည်း မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားကန်တော့ပွဲများ၊ ပရိတ်တရားရွတ်ဖတ်ပူဇော် ပွဲများနှင့် နှစ်ဦးတရားသဘင်ပွဲ စသည့် ကုသိုလ်ကောင်းမှုပြုလုပ်သည့် အခမ်းအနားများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
တင်စိုး(ပဲခူး)