ပဲခူး ဖေဖော်ဝါရီ ၁၇

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ ဥဿာမြို့သစ်(၅)ရပ်ကွက် သမိန် ဗရမ်းလမ်းမပေါ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံမျိုးချစ်ပြည်သူများက သတ်မှတ်နေရာများ၌ “ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ ထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေး  တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့၊ "ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့” အစရှိသည့် ပိုစတာများကိုင်ဆောင်ပြီး ကွင်းအတွင်းနေရာယူကြသည်။

ယင်းနောက် မျိုးချစ်ပြည်သူများက နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံအား အလေးပြု ကြပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ ယုံကြည်ထောက်ခံပါကြောင်း” ခေါင်းစဉ်နှင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့” ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးကြပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု  တခဲနက်ဆန္ဒဖော်ထုတ်၍ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲသို့ ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံ မျိုးချစ်ပြည်သူ (၁၉၀၀)ဉီးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)