ပဲခူး       စက်တင်ဘာ       ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ မဂ္ဂတစ်လမ်းမကြီး၊ မှော်ကန် (၇)လမ်းနှင့် မှော်ကန် (၆)လမ်းကြားရှိ ခင်စတိုးဆိုင်တွင် စက်တင်ဘာ ၁၀ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ခင်စတိုးဆိုင်၏ အိမ်အောက်ထပ်တွင် ရေခဲသေတ္တာ ခြောက်လုံး တစ်ပြိုင်တည်းဖွင့်ထားရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အနီးဝန်းကျင်ရှိ STAR ကိုရီးယားအထည်ဆိုင်နှင့် ဘေးအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ် သိန်း ၃၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

မီးလောင်ရာသို့  တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တို့မှ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် ဒုတိယတပ်ရင်းမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ မိနစ် ၅၀ ခန့်တွင် မီးငြိမ်းသွားကြောင်းသိရှိရပြီး မီးလောင်မှုကြောင့် ဦးကျော်ကျော်လှိုင်၊ (ဘ)ဦးကြီးမောင်အား မီးပေါ့ဆမှုဖြင့် နယ်မြေရဲစခန်းမှ(ပ)၃၁၆/၂၀၂၂ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)