ပဲခူး ဧပြီ ၁၄
ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ကို ယနေ့နံနက် ပိုင်းမှစတင်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် ပြည်သူများနှင့်အတူ ရေသဘင်ပွဲ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တို့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟို မဏ္ဍပ်၌ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ် ၂၈ မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုင်ငံကျော်သရုပ်ဆောင် တေးသံရှင်များနှင့် DJ တီးခတ်ဖျော်ဖြေမှု၊ သင်္ကြန် ပွဲလာဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲ ပါဝင်ဆင်နွှဲနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲ့ များ၏ သီဆိုကပြမှုများ၊ အေးမြလန်းဆန်းမှုပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ စေတနာရှင်ပြည်သူများက စတုဒိသာကျွေးမွေးလှူဒါန်းမှုတို့ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


