ပဲခူး ၂၂ ဇူလိုင်
သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူနှင့်အစိုးရ ပေါင်းကူးဆက်ဆံပေးသော ဌာနဖြစ်သောကြောင့် သတင်းအချက်အလက်များသည် အရေးကြီးကြောင်း၊ သတင်းအရည်အသွေးများ တိုးတက်လာဖို့ လုပ်ငန်းများ ကျွမ်းကျင်ဖို့လိုကြောင်း၊ ယခုသင်တန်းတွင် စနစ်တကျသင်ကြားပြီး မှန်ကန်တိကျသော မိမိရေးသားသောသတင်းကို တာဝန်ယူမှု တာဝန်ခံမှုဖြင့် ရေးသားစေလိုကြောင်း၊ သတင်းခိုင်မာဖို့ သတင်းကျင့်ဝတ်နှင့် ညီညွှတ်ဖို့လိုအပ်ကြောင်း၊ ဘယ်အရာမဆို စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များရှိတဲ့အတွက်ကြောင့် စနစ်တကျလေ့လာပြီး အစိုးရနှင့် ပြည်သူကြား ပေါင်းကူးဆက်ဆံပေးစေလိုကြောင်း၊ အစိုးရနှင့် လွှတ်တော်ဆောင်ရွက်နေမှုများနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများထံသို့ ဖော်ပြနိုင်ရေး ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးပိုင်က သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇူလိုင် ၂၂ ရက်မှ ၂၇ ရက်အထိ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်နှင့် ဝေါဟာရ ရှင်းလင်းချက်၊ သတင်းအရင်းအမြစ် ရှာဖွေခြင်း၊ သတင်းအခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းဆောင်းပါး ရေးသားခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ သတင်းလိုက်ခြင်း၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ဆောင်ရန် ရှောင်ရန်များ၊ Online အသုံးပြု၍ သတင်းထုတ်ပြန်ခြင်း၊ လက်တွေ့အသုံးချခြင်းများ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင် (၄)ခရိုင်မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း ၃၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


