ပဲခူး   ၁၃   ဇွန် 

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဇွန် ၁၂ ရက် မွန်းလွဲ ၃ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်၊ ဇောင်းတူဒေသ၌ အဆင့်မြင့်ဝါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံခဲ့ကြသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် သဘာဝမှ ပေးထားသော ပဲခူးရိုးမကြီးတစ်ခုကို ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူတို့ပူးပေါင်း၍ ဝါးစိုက်ခင်းများထူထောင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်မည်ကို သိရှိရသဖြင့် ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို ပြန်လည်ရှင်သန်ကောင်းမွန်စေမည့် ဆောင်ရွက်ချက်များ ပါဝင်စေလိုကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း သစ်တော၊ သစ်ပင်ချစ်ခင်သည့် အသိစိတ်ဓာတ်များရှိစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေးစနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ဒေသထွက် သယံဇာတများရှိသော်လည်း အလွယ်တကူ ထုတ်ယူရောင်းချလျက်ရှိကြောင်း၊ ဒီလိုအခြေအနေမျိုးအတွက် ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်၍ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲခြင်း၊ သစ်တောစိုက်ခင်းများ အစဉ်အမြဲ စိမ်းလန်းစိုပြေနိုင်ရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စနစ်တကျ ထုတ်ယူသုံးစွဲသည့် နည်းစနစ်များကိုလည်း ဒေသခံပြည်သူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

 

ယင်းနောက် မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးကျော်သူက ဇောင်းတူဒေသတွင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဝါးစက်မှုလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေကိုလည်းကောင်း၊ Mr. Sebastien Moineau က ဝါးစက်မှုလုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ Ms. Christa Avery က ဝါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါးပင်၏ အစိတ်အပိုင်းတစ်ခုခြင်းအလိုက် အသုံးဝင်သည့် ကုန်ချောထုတ်လုပ်မှု အဆင့်ဆင့်ကိုလည်းကောင်း၊ Mr. Matt Okane က ဝါးစိုက်ပျိုးမည့် တောင်သူတစ်ဦးချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ရရှိလာနိုင်သည့် အကျိုးအမြတ်တို့ကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ၊ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဝန်ကြီး ဦးညွှန်ရွှေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)

 

DSC0