ပဲခူး၊ ၂၄ ဇန်နဝါရီ
ပဲခူးမြို့နယ် မဲခုံကျေးရွာအုပ်စု၊ မြသီတာကျေးရွာတွင် ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီက လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဒုတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သစ်ဆန်းတို့က မြသီတာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ထရန်စဖော်မာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဒုတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သစ်ဆန်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးပြောကြားကာ ကျေးရွာနေပြည်သူတစဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပဲခူးမြို့နယ် မဲခုံကျေးရွာအုပ်စု၊ မြသီတာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်အား ရရှိရေးစီမံကိန်း (NEP) ရန်ပုံငွေဖြင့် ၁၁ KV ဓာတ်အားလိုင်းနှင့် ၁၁/၀.၄ KV ၁၀၀ KVA ထရန်စဖော်မာ (၁)လုံး ပံ့ပိုးဆောင်ရွက်ပေးပြီး ကျေးရွာနေပြည်သူများ ၄၀၀ ဗို့ ဓာတ်အားလိုင်းအား ထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း လျှပ်စစ်မီးလင်းရန်လိုအပ်သည့် ကျေးရွာ(၂၀၃)ရွာရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် NEP P-1 (၂) မိုင်တွင်း ကျေးရွာ (၂၃) ရွာ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မီးလင်းရေးဆောင်ရွက်သည့် ကျေးရွာ (၂၀)၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (၁၄)ရွာ၊ ကိုယ့်အားကိုယ်ကိုးကျေးရွာ (၅၁)၊ စုစုပေါင်းကျေးရွာ (၁၀၈)ရွာအား မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်ရှိကျေးရွာများအနက်မှ NEP P-2 (၃)မိုင်တွင်း ကျေးရွာ (၁၅) ရွာ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (၇)ရွာ၊ စုစုပေါင်းကျေးရွာ (၂၂)ရွာအား လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


