ပဲခူး ၁၃ ဇွန်
ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇွန်လ ၁၂ ရက် နံနက်ပိုင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများအား သတ်မှတ်ကာလတွင် ပြန်လည်ပေးဆပ်ပြီးဖြစ်သည့် အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စု၊ သာဂလကျေးရွာမှ အသင်းသား များအား သတ္တမအကြိမ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာ(၄၂)ရွာ၌ ယူနစ်(၃၇)ယူနစ်ဖြင့်် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အထက်ဇိုင်းဂနိုင်းကြီးအုပ်စု သာဂလကျေးရွာသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၉၂)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၅၄)ဦးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၉)ဦး၊ စုစုပေါင်းအသင်းသား (၁၅၅)ဦးတို့အား သတ္တမအကြိမ်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၅၀၆၀၀၀၀ဝ ကျပ် (ငါးရာခြောက်သိန်း) ကျပ် တိတိအား ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


