ပဲခူး  ၂၇  ဇွန်

ပဲခူးမြို့ ဥဿာမြို့သစ်(၆)ရပ်ကွက်  သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ဇွန် ၂၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်က လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်ထားသည့် စက်ရုံများအနက်မှ စတုတ္ထအကြိမ်မြောက် စက်ရုံ(၁၃)အား ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦးမှ အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်က အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်ထားကြသည့် စက်ရုံအလုပ်ရုံများတွင် လိုအပ်ချက်ရှိနေသည့် အချက်များနှင့် အာမခံ အလုပ်သမားများသို့ ၄၀ ရာခိုင်နှုန်း ငွေအား ထုတ်ပေးပြီး(၂)ပတ်အတွင်း ပြန်လည်တင်ပြရေးတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စက်ရုံ၊ အလုပ်ရုံများအား ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းရေးအဖွဲ့မှ စစ်ဆေးသည့်ကာလအတွင်း ယာယီပိတ်သိမ်းထားသည့် စက်ရုံ၊ အလုပ်ရုံ(၁၃)ရုံမှ အာမခံအလုပ်သမား (၅၉၅၅) ဦးအား ခွင့်ပြုရက် စုစုပေါင်း (၁၄၅)ရက်အတွက် ငွေကျပ် (၁၃၆၈၁၄၁၆၁ ဒသမ ၀၃)(ကျပ် တစ်ထောင့်သုံးရာ ခြောက်ဆယ့်ရှစ်သိန်း တစ်သောင်း‌လေးထောင်တစ်ရာ‌ ခြောက်ဆယ့်တစ်/၀၃ ပြားတိတိ)ကို ဝန်ကြီးဦးထွန်းထွန်းဦး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကေသီခိုင်တို့မှ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပဲခူးမြို့နယ်အတွင်း လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀ ရာခိုင်နှုန်း)ထုတ်ပေရန် လျှောက်ထားသည့် စက်ရုံအလုပ်ရုံ(၆၇)ရုံရှိပြီး ပထမအကြိမ်တွင် (၅)ရုံ၊ ဒုတိယအကြိမ်တွင်(၂)ရုံ၊ တတိယ အကြိမ်တွင်(၂၂)၊ ယခုစတုတ္ထအကြိမ်တွင်(၁၃)ရုံ၊ စုစုပေါင်းစက်ရုံ၊ အလုပ်ရုံ(၄၂)ရုံ ထုတ်ပေးပြီးဖြစ်ပြီး ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ကေသီခိုင်၊ အလုပ်သမား ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ဇင်ကေသွယ်၊ ပဲခူးမြို့နယ်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)