နေပြည်တော် ဖေဖော်ဝါရီလ ၃

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦးများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲ့သည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှုမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့်ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ခကျေးရွာအနီး ပဲခူး- သနပ္ပင်လမ်းဆုံ၌ ယာဉ်အမှတ်၊ RLG-4563 Nissan March ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ထက်နောင်နောင် (ခ) နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့် ဂျူးသောဘန (ခ) သာကျော်ဌေးတို့ ၆ ဦးအား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမရှော့တိုက်ဒုံး ၁ဝ လုံး၊ စနက်တံ ၁ဝ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ရေတံခါးတာဝကျေးရွာရှိ ၎င်း၏နေအိမ်ခြံဝန်းအတွင်း၌ လက်နက်/ ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၄ဝ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦး၊ မ ၁ ဦးတို့အား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခု၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG လက်အောက်ခံ Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံပြေး ရှိုင်းဝေ (ခ) RI မှ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့်ညတွင် အပြစ်မဲ့ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်လျက် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့်နေရာများအား ၁၀၇ မ မ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စေခိုင်းခဲ့ကြောင်း၊ သိမ်ဇရပ်မြို့အဝင်တွင် ရှိုင်းဝေ (ခ) RI ထံမှ ၁၀၇ မမ ရှော့တိုက်ဒုံးများအား သွားရောက်ယူဆောင်၍ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်နေရာများအား ပစ်မှတ်ထားပစ်ခတ်ဖောက်ခွဲရန်စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်