ပဲခူး စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာသီရိစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက်တစ်ခုလျှင် ဆန်အိတ် ၅၀၊ ဆီပိဿာ ၅၀ ၊ ကုလားပဲ(၃)အိတ်၊ ကြက်ဥအလုံး(၁၀၀၀)နှင့် ဆား(၅)အိတ်တို့ကို သွားရောက်လှူဒါန်းသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၁၀၈)ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်၊ ဆီ(၅)ပိဿာနှင့် ဝတ္တုငွေကျပ် (၅)သောင်းစီကိုလည်းကောင်း၊ သီလရှင် ကျောင်း (၁၁၉)ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်နှင့် ဆီ(၅)ပိဿာကိုလည်းကောင်း လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ ရပ်ကွက်/ကျေးရွာများအတွင်း ဆန်၊ ကြက်သား၊ ငါး၊ ငါးခြောက်၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးကားဖြင့် လှည့်လည်ရောင်းချနေမှုကိုလည်းကောင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက် ပဲခူးမြစ်ကမ်းဘေး ပန်းခြံအဆင့်မြှင့်တင်နေမှု ကိုလည်းကောင်း၊ ပဲခူးမြို့၊ ပြည်တော်သာလမ်း နိုင်လွန် ကတ္တရာခင်းနေမှု၊ ရေမြောင်းနှင့် လူသွားလမ်းပလက်ဖောင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နိုင်ရေး ကိုလည်းကောင်း ကြည်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


