ပဲခူး ဒီဇင်ဘာ ၁၁
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသားများအား ပဲခူးမြို့အဝင် တိုးဂိတ်မှလည်းကောင်း၊ အမျိုးသမီးများအား မြို့ရှောင်လမ်း၊ ဘုရင့်နောင်ရုပ်ထုရှေ့မှလည်းကောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်တင့်က ခရာမှုတ်၍ တာလွှတ်ပေးခဲ့ပြီး မီနီမာရသွန် အမျိုးသား၊ အမျိုးသမီး အားကစားသမားများမှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းအားကစားကွင်းရှေ့ထိ ယှဉ်ပြိုင်ပြေးကြရာ ပြေးလမ်းတစ်လျှောက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများကလည်းကောင်း၊ ပန်းဝင်မည့်နေရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကလည်းကောင်း ကအသီးသီးစောင့်ကြို အားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းအတွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့မှလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး အထူးဆုရရှိသူ ခြောက်ဦးအား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီကို လည်းကောင်း၊ အမျိုးသား/အမျိုးသမီး တတိယဆုရရှိသူ နှစ်ဦးအား လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့မှ တစ်ဦးလျှင် ဆုတံဆိပ်နှင့် ငွေကျပ်ငါးသိန်းစီကို လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဒုတိယဆုရရှိသူ နှစ်ဦးအား စီးပွားရေးရာဝန်ကြီးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ တစ်ဦးလျှင် ဆုတံဆိပ်နှင့် ငွေကျပ်ခုနစ်သိန်းစီကို လည်းကောင်း အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေကျပ် (၁၀) သိန်းကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က လည်းကောင်း အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေကျပ် (၁၀) သိန်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အဆိုပါ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်မှ အမျိုးသား အားကစားသမား ၉၁၅ ဦး၊ အမျိုးသမီး အားကစားသမား ၃၁၂ ဦး စုစုပေါင်း ၁၂၂၇ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပန်းဝင်လာသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆိုင်ကယ် နှစ်စီး၊ စက်ဘီးအစီး ၂၀ နှင့် ငွေကျပ်တစ်သိန်းဆု ကိုးဆုတို့အား ထပ်မံ၍ ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ပြန်/ဆက်)