ချောက် ၁၈ အောက်တိုဘာ
ပဲခူးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကို အလွန်အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရမှအလေးထား ဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့၏အသက်အိုးအိမ် စည်းစိမ်းဥစ္စာများကို သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊ နည်းပညာ၊ ဗဟုသုတများလူတိုင်းသိရှိနားလည်ထားဖို့လိုကြောင်း၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဆောင်ရွက်လို့ရနိုင်အရာမဟုတ်၊ တိုင်းဒေသကြီးအတွင်းမြို့နယ်များမှ ရပ်ကွက်/ကျေးရွာ ပြည်သူများအဆင့်အထိ အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုအားလုံး လက်တွဲဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှုး ဦးသိန်းဌေးအောင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်၏သဝဏ်လွှာကို ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းပြသကာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြသထားသောမှတ်တမ်း ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အား ယခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ပြီး ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် ဘေးအန္တရာယ်များကြောင့်အခြေခံအဆောက်အဦးများနှင့် ဝန်ဆောင်မှုများထိခိုက်ဆုံးရှုံးခြင်းကို လျှော့ချနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂမှချမှတ်ပေးထားသည့်ဆောင်ပုဒ်သည် "BUILD TO LAST ဘေးဒဏ်ကြံ့ကြံ့ခိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့"ဖြစ်ပြီး နှစ်စဉ် အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အဖြစ်သတ်မှတ်ထားသော်လည်း ယခုနှစ်သည်မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့် တိုက်ဆိုင်နေသည့် အတွက် အောက်တိုဘာလ(၁၈)ရက်နေ့တွင် အစားထိုးကျင်းပခြင်းဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် သတ္တမမြောက်အကြိမ်ဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၉ခုနှစ်သဘာဝဘေးများဖြစ်ပွားမှုအနေဖြင့် လေဘေး(၂၇၅)ကြိမ်၊ ရေဘေး(၂၂)ကြိမ်၊ မီးဘေး(၄၈)ကြိမ်၊ မိုးကြိုးဘေး(၂၄)ကြိမ်၊ ကမ်းပြိုဘေး (၆၄)ကြိမ် စုစုပေါင်း(၄၃၃)ကြိမ်ဖြစ်ပွားခဲ့ပြီး လေပြင်းကာကွယ်ရန်အတွက် နေအိမ်အမိုးအကာများ အား ဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်(၁၆)မြို့နယ်တွင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သဘာဝဘေးဖြစ်ပွားချိန်တွင် ပြည်သူများယာယီခိုလှုံရန်အတွက် ညောင်လေးပင်၊ သနပ်ပင်၊ ပန်းတောင်း၊ ရွှေတောင်နှင့် မိုးညိုမြို့နယ်များတွင် Community Shelter(၅)လုံးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်တည်ဆောက်ပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘေးဖြစ်များသည့် မြို့နယ်များရှိ ကော်မတီအသီးသီးသို့ စက်လှေ(၂၆)စီး၊ အသက်ကယ်အင်္ကျ ီ(၃၀ဝ)ထည် ထောက်ပံ့ပေးအပ်ထားရှိပြီး အရေးပေါ်ထောက်ပံ့နိုင်ရန်အတွက် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ ရန်ပုံငွေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဆောင်ရွက်ရန် အိမ်အမိုးသွပ်များ၊ ဆိုလာမီးအိမ်၊ မိုးကာတဲများကို အရန်သင့် သိုလှောင်ထားကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဒုတိယဥက္ကဌဦးကြည်ဇင်၊ ခေတ္တတရားသူကြီးချုပ်ဦးမောင်မောင်အေး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


