ပဲခူး ၂၈ ဒီဇင်ဘာ
ပဲခူးမြို့ ဆယ်မိုင်ကုန်းဓမ္မဒူတတောရ သာသနာ့ရိပ်၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ် ရွှေရတုဗိမာန်တော်ကြီးရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဓမ္မစကူးလ်ဗဟိုနှင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဓမ္မစကူးလ်ဗဟိုနှင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲအခမ်းအနားအား ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) ဥက္ကဌဆရာတော် ဒွိပိဋကဓရ ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ၊ ဗဟိုနာယကဆရာတော် ဓမ္မဒူတတောရသာသနာ့ရိပ်သာ ပဓာနနာယက၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိဿရာဘိဝံသ၊ ဗဟိုနာယက တိပိဋကဓရ တိပိဋကကော်ဝိဒ၊ ဒွါဒသအတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ၊ စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးလ်ကော်မတီဥက္ကဌဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တဉောယျဓမ္မာဘိဝံသနှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နာယက၊ ဓမ္မဒူတတောရသာသနာ့ရိပ်သာ ပဓာနနာယက၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိဿ ရာဘိဝံသတို့ထံမှ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက သြဝါဒကထာနာယူမှတ်သားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေကျပ်ငါးသိန်းပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ အခမ်းအနားအား ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ပိုမိုသိမြင်နားလည်သဘောပေါက်စေရန်၊ တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ၏ စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည့်အောင်မြင်မှု အတွေ့အကြုံများကိုမျှဝေရန်၊ သက်ဆိုင်ရာဒေသအသီးသီးတွင် ဓမ္မစကူးလ်သင်ကြားရေးလုပ်ငန်းများ ရေရှည်ထိရောက်အောင်မြင်ရေး နည်းဗျူဟာများ ဖော်ထုတ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာ(၂၈)ရက်မှ (၂၉)ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ ဓမ္မစကူးလ်ကော်မတီဆရာတော်များ၊ လူပုဂ္ဂိုလ်များတက်ရောက်ကာ ပထမနေ့တွင် ဖောင်ဒေးရှင်းဗဟိုမှ လုပ်ငန်းစဉ်များရှင်းလင်းလျှောက်ထားခြင်း၊ မူဝါဒဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာများ၊ ရုံးပိုင်းဆိုင်ရာများ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ ဆောင်ရွက်ပေးမှုများအပေါ် သုံးသပ်အကြံပြုခြင်းခေါင်းစဉ်အောက်တွင် သင်ရိုးညွှန်းတမ်းဆိုင်ရာများ၊ သင်ကြားရေးဆိုင်ရာများ၊ ရုံးပိုင်းဆိုင်ရာကဏ္ဍများအား ဆွေးနွေးခြင်းများပါဝင်ပြီး တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ၏ စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည့် အောင်မြင်မှုအတွေ့အကြုံများ မျှဝေခြင်းခေါင်းစဉ်အောက်တွင် ကော်မတီအသီးသီး၏ဆောင်ရွက်နေသော သင်ကြားစီမံလုပ်ငန်းများ၊ ၎င်းလုပ်ငန်း၏အောင်မြင်မှုအခြေအနေများ(ဥပမာ -ကလေးများ၏တိုးတက်မှုနှင့် ရပ်ရွာလူထုပါဝင်မှု)၊ အောင်မြင်ဖို့အတွက် ရင်ဆိုင်ဖြေရှင်းခဲ့သော အခက်အခဲနည်းလမ်းများ စသည့်ခေါင်းစဉ်များကို ဆွေးနွေးဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးဒုတိယနေ့တွင် ပထမနေ့ဆွေးနွေးချက်များကို ပြန်လည်စုစည်းတင်ပြခြင်း၊ သင်ကြားရေးအထောက်အကူပြုအဖွဲ့၊ ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းခေါင်းစဉ်အောက်ရှိ ဓမ္မစကူးလ်ကျောင်းများတွင် သင်ကြားရေးနှင့်ပတ်သက်၍ တွေ့ကြုံနေရသောအခက်အခဲများ၊ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ ထိုလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီပံ့ပိုးပေးမည့်သူများ၌ ရှိသင့်သည့်အရည်အချင်းများ၊ ဖွဲ့မည်ဆိုလျှင် မည်သူတွေပါဝင်သင့်သလဲစသည့်ကဏ္ဍများဆွေးနွေးကြမည်ဖြစ်သည့်အပြင် ဓမ္မစကူးလ်ကျောင်းကော်မတီတွင် ရှိသင့်သော စံသတ်မှတ်ချက်များကို ဖော်ထုတ်ရန်အတွက် ကျောင်းကော်မတီ၏ တာဝန်နှင့်ဝတ္တရားများခေါင်းစဉ်အောက်ရှိ ကျောင်းကော်မတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ကျောင်းကော်မတီ၏တာဝန်နှင့် ဝတ္တရားများ၊ မိဘရပ်ရွာပါဝင်မှုမြှင့်တင်ရေးခေါင်းစဉ်အောက်တွင် ဓမ္မစကူးလ်ကော်မတီအသီးသီးတွင် မိဘရပ်ရွာပါဝင်မှုအခြေအနေ၊ မိဘရပ်ရွာပါဝင်နိုင်ရန်အတွက် ကော်မတီ၏စည်းရုံးနိုင်ခဲ့မှုအခြေအနေ စသည့်ခေါင်းစဉ်ပါ ကဏ္ဍအသီးသီးတို့ကို တိုင်း၊ ပြည်နယ်၊ မြို့နယ်ကော်မတီများက ဆွေးနွေးတင်ပြသွားကြမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)