ပဲခူး ၂၉ ဇန်နဝါရီ
ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်၌ ကလေးစာပေပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလေးစာပေပွဲတော်များအား တက္ကသိုလ်များ၊ ဘွဲ့နှင်းသဘင်ခန်းမများတွင် ကျင်းပရခြင်းမှာ ကလေးသူငယ်များအနေဖြင့် တက္ကသိုလ် ပုရဝဏ်နှင့် ထိတွေ့မှု ရရှိပြီး အားကျအတုယူစေရန် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကလေးစာပေပွဲတော်များကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာ မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များအပြင် ရပ်မိရပ်ဖများ၊ စေတနာရှင် အလှူရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ရာ အလားတူ ဆက်လက်၍လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ယခုကျင်းပမည့် ကလေးစာပေပွဲတော်တွင် ကျောင်းသား ကျောင်းသူဟောင်းများ၊ ရပ်မိရပ်ဖများ ပါဝင်စေရန် ဖိတ်ကြားဆောင်ရွက် သွားစေလိုပါကြောင်း၊ ပြခန်းများ ခင်းကျင်းပြသရာတွင်လည်း တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တိ်ုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းပါဝင်အောင် ဖိတ်ကြားဆက်သွယ် ဆောင်ရွက်သွားစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ကလေးစာပေပွဲတော်(ပဲခူး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က လိုအပ်သည်များ ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပဲခူးတိ်ုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေးက ကလေးစာပေပွဲတော် (ပဲခူး) ကျင်းပရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကလေးစာပေပွဲတော် ကျင်းပမည့် အစီအမံများကို လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ကလေးစာပေပွဲတော် အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်စေရေး လုပ်ငန်းစီမံချက် ရေးဆွဲထားမှုကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် အဖွဲ့ဝင်များနှင့်အတူ ကလေးစာပေပွဲတော်ကျင်းပမည့် ပဲခူးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုကြသည်။
ကလေးစာပေပွဲတော် (ပဲခူး)ကို ပဲခူးတက္ကသိုလ်၌ မတ် ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)