ပဲခူး ၁၀ အောက်တိုဘာ
ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်မှ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် ကာကွယ်ကုသ၍ရသည့်မျက်စိရောဂါများ လျော့နည်းပပျောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဆေးရုံကြီးများ၊ မျက်စိကုဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများအပြင် ပြည်သူလူထု တစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်နှင့် ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း မျက်စိကျန်းမာရေးကို အလေးထား စမ်းသပ်စစ်ဆေးမှု ခံယူကြရန် အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့်သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ဖတ်ကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက မျက်စိရောဂါအကြောင်း သိကောင်း စရာများကို ဗီဒီယိုဖိုင်ဖြင့်ပြသကာ ပညာပေးရှင်းလင်းပြောကြားပြီး ရေတာရှည်မြို့နယ် နတ်စင်ကုန်းကျေးရွာမှ မွေးရာပါအမြင်အာရုံချို့တဲ့သူ(မျက်လုံးနှစ်လုံး)မပါသူ အသက်(၆)နှစ် အရွယ်ရှိ မောင်ကံကောင်းအား ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက ထောက်ပံ့ငွေပေး အပ်ကာ ဝန်ကြီးနှင့်တက်ရောက်လာကြသူများက ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀ဝ၀ ခုနှစ်စတင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် "အမြင်အာရုံကောင်းစေဖို့ ဦးစားပေးကာဆောင်ရွက်စို့"ဖြစ်သည်။
နှစ်စဉ်အောက်တိုဘာလ၏ ဒုတိယပတ်ကြာသာပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အဖြစ်သတ်မှတ်ကာ မျက်စိကွယ်ခြင်းနှင့်အမြင်အာရုံချို့ယွင်းခြင်းများသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ကြောင်း သိရှိနားလည်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပါအဝင် အခြားသော ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ ပြည်သူလုထုများ တက်ညီလက်ညီ ပူးပေါင်းပါဝင်ပြီး မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများအကြောင့် မျက်မမြင် ဖြစ်ပွားမှု လျော့နည်းပပျောက်သွားစေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများအားလုံးတွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
တင်စိုး(ပဲခူး)


