ပဲခူး ၁၆ စက်တင်ဘာ
ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းရှိ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်စောင့်ရှောက်ရေးဌာနတွင် ယနေ့နံနက် ပိုင်းမှ စတင်ကာ ပဲခူးမြို့ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှု အသင်းကြီးမှ ကူညီထောက်ပံ့ လှူဒါန်းပေးမှုဖြင့် မျက်စိဝေဒနာ ခံစားနေရသည့် ဝေဒနာရှင်များ ဒေသဆိုင်ရာ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့် မျက်စိကျန်းမာရေး ဝန်ထမ်းများက အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့် မျက်စိကျန်းမာရေး ဝန်ထမ်းများသည် မျက်စိဝေဒနာ ခံစားနေရသည့် မျက်စိဝေဒနာရှင် ၁၀ဝ ခန့်အား ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှု အသင်း၌ စက်တင်ဘာလ(၁၁)နေ့က စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပေးခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သောမျက်စိဝေဒနာရှင်(၉၀)အား ယနေ့မှစတင်၍ ခွဲစိတ်မှုများ ပြုလုပ်ပေးသည့်အပြင် မျက်စိနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် သတိပြုစရာ အသိပညာဗဟုသုတများအား ဟောပြောဆွေးနွေးခြင်းများပြုလုပ်ကာ ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများကိုလည်း လှူဒါန်းပေးခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်းကြီးအနေဖြင့် အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင်ပြည်သူများ၏ လှူဒါန်းပေးမှုကြောင့် အသင်းစတင် တည်ထောင်ကတည်းမှ ယနေ့အထိ ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်ကာ မျက်စိဝေဒနာရှင်(အတွင်းတိမ်လူနာ) (၆၅၀ဝ)ကျော်အား ခွဲစိတ်ကုသ လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။
အလှူ ရှင်များအနေဖြင့်လည်း မျက်စိအလင်းကုသိုလ် ပါဝင်လှုဒါန်းလိုပါက မျက်လုံး(၁)လုံး ခွဲစိတ်ကုသမှု အလင်းကုသိုလ် (၃၅၀ဝ၀)ကျပ်ဖြင့် ပဲခူးမြို့ မဇင်းရပ်ကွက် တိဿလမ်းရှိ ဗိန်မာန်ရှင်လူမှုရေးနှင့် နာရေးကုညီမှုအသင်းကြီးမှ တာဝန်ရှိသူများနှင့် ဆက်သွယ်ကာ ကုသိုလ်ပါဝင်နိုင်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


