ပဲခူး ၁၅ မေ
ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ဖွင့်လှစ်ထားသော Community Fever Clinic ဖျားနာရောဂါကုဆေးခန်း ကော်မတီမှ ဦးဆောင်၍ မေလ(၁၅)ရက်နေ့ နံနက် ၇ နာရီခွဲမှ စတင်ကာ နှာခေါင်းစည်း (MASK)မပါဘဲ အပြင်ထွက် သူများအား လျှော်ဖွတ်ပြီးပြန်လည် အသုံးပြု၍ရသည့် အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာစတေကာများ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ပဲခူးမြို့ ဖျားနာရောဂါကုဆေးခန်းကော်မတီဝင်များသည် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ပန်းလှိုင် ရပ်ကွက် ပန်းလှိုင်အထွက် လမ်းထိပ်မှစတင်ပြီး ရန်ကုန်-မန္တလေး-တောင်ငူကားလမ်း၊ မင်းလမ်းမကြီးပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် သွားလာသူများအနက်မှ နှာခေါင်းစည်း (MASK) မပါသူများအား ပိတ်စဖြင့်ချုပ်ထားသည့် လျှော်ဖွတ်ပြီးပြန်လည်အသုံးပြု၍ရသော အဝတ်နှာခေါင်းစည်း (လူကြီး၊ ကလေး)အရွယ်စား စုစုပေါင်းအခုရေ (၃၀ဝ၀)အား ဖြန့်ဝေ တပ်ဆင်ပေးခဲ့သည်။
ထို့အပြင် ကား၊ ဆိုင်ကယ်များတွင်လည်း "အရေးကြီးဆုံးအချိန်အခါမို့ အပြင်ထွက်တိုင်း MASK တပ်ကြစို့" စာတန်းပါ အသိပေးစတေကာအခု(၁၀ဝ၀) အား လိုက်လံကပ်ပေးခြင်း၊ ပြည်သူများ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိပြီး လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် (၁၀ဝ၀)ဖြန့်ဝေပေးခြင်းများ ပြုလုပ်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


