ပဲခူး စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အရှေ့ဘက် မြို့ရှောင် လမ်းမှ ပဲခူးမြို့တွင်းသို့ ချိတ်ဆက်မည့် မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက တံတားတည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ လုပ်ငန်းခွင်အမြန်ဆုံးပြီးစီးနိုင်ရေး၊ Living Area အား လှပသေသပ်စွာ ဆောင်ရွက်သွားရန်နှင့် ရှေးဟောင်းကျုံး မပျက်စီးစေရေး အလေးထားဂရုပြု ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ မြို့မဈေးရှေ့ ရန်ကုန် - မန္တလေး လမ်းဘေးဝဲ/ယာ ပလက်ဖောင်းနှင့် အုတ်ရေမြောင်း ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လုပ်ငန်းခွင်ဆိုင်ရာများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့၏ အဓိကလူစည်ကားရာ နေရာဖြစ်၍ အချိန်မီပြီးစီးရေး၊ လမ်းဘေးဝဲ/ယာ အလှပန်းပင်များ စိုက်ပျိုးသွားရန်နှင့် လုပ်ငန်းခွင်ကြောင့် ဈေးရောင်းချသူနှင့် ဝယ်ယူသူများ အခက်အခဲမရှိစေရေး စနစ်တကျကြီးကြပ် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအား မြန်မာမှုအနုပညာလက်ရာများဖြင့် ပြန်လည်အဆင့်မြှင့်တင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးရာ ဗိမာန်တော် အောက်ထပ်ခန်းမ၌ ပဲခူးမြို့အတွင်း ဈေးရောင်းချနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်း ပြည့်ဟင်္သာကုန်းစေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကာဘုရားဂေါပကအဖွဲ့ဝင်များနှင့် စေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဓာတ်လှေကားတပ်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေးပြီး စေတီတော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် အလှူငွေကျပ် ငါးသိန်းအား ပေးအပ်လှူဒါန်းကာ ဓာတ်လှေကား တပ်ဆင်မည့်နေရာအား လှည့်လည်ကြည့်ရှုခဲ့သည်။
တင်စိုး(ပဲခူး)


