ပဲခူး ၁၀ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ်ကလပ်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲအား ပဲခူးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ငယ်၊ တိုင်းဒေသကြီးတင်းနစ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ ဦးဇော်ထိန်း (မာဃတင်းနစ် အကယ်ဒမီ သင်တန်းကျောင်း)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင် တင်းနစ်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ဒေသအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကစားကြသည့် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့အား အုပ်စု(၄)အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)