ပဲခူး ၁၁ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် Pocari Sweat Iron အားဖြည့်အချိုရည်တို့ပူးပေါင်းပြီး ပဲခူးမြို့တွင် Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၆ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးမှ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ အပြေးအားကစားကိုစိတ်ပါဝင်စားသည့်ပြည်သူများ စုစုပေါင်း (၆၀ဝ)ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးကြသည်။
ယင်းနောက် ပြိုင်ပွဲအပြေးအားကစားသမားများမှ ပဲခူးမြို့၊ ဟင်္သာလမ်းရှိ ဟံသာဝတီ ဘောကွင်းရှေ့မှစတင်၍ ဟင်္သာလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဗန္ဓုလလမ်း၊ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်း၊ မြို့တော်ခန်းမရှေ့လမ်း၊ ဟင်္သာကုန်းဘုရားလမ်း၊ သနပ်ပင်လမ်း၊ ရှင်စောပုလမ်း စသည့်လမ်းကြောင်းအတိုင်း အပြေးယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲတွင် ဆုရရှိကြသည့်အားကစားသမားများအား ဌာနဆိုင်ရာ အကြီးအကဲများမှ လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)