ပဲခူး ၁၄ ဇွန်
ပဲခူးမြို့ ကန်တော်ကြီး ရေဝေရေလဲ ကြိုးပြင်ကာကွယ်တောတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀ဝ ဖြင့် ပရဆေးဥယျာဉ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပရဆေးဥယျာဉ်ကို ၂၀၁၉ ခုနှစ်မှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် အခြားနေရာဒေသများမှ ပြည်သူများ တစ်နေရာထဲတွင် ပရဆေးပင်မျိုးစုံ လေ့လာနိုင်ရန်၊ လိုအပ်သော ပရဆေးပင်များကို ရယူနိုင်ရန်နှင့် ပြည်သူများ ရေဝေရေလဲဒေသ ထိန်းသိမ်းခြင်းကို သိရှိပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ပျိုးပင်ပေါင်း (၁၇၇)ပင်ကို ပန်းအိုး၊ ပျိုးတင်စင်နှင့် စမ်းသပ်စိုက်ကွက် (၁၀)ကွက်ကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဧရိယာ ဧက ၁၃၀ဝ ကျော်ရှိသည့် ကန်တော်ကြီး ရေဝေရေလဲ ကြိုးပြင်ကာကွယ်တောကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၁၈ ခုနှစ် မိုးရာသီကစပြီး သစ်မျိုး(၁၂)မျိုး အပင် (၆၀ဝ)ကို စတင်စိုက်ပျိုးခဲ့ခြင်း၊ ၂၀၁၉ ခုနှစ် မိုးရာသီတွင် ပဲခူးမြို့ကန်တော်ကြီး ရေဝေရေလဲ ကြိုးပြင်ကာကွယ်တော ထိန်းသိမ်းရေး ကော်မတီကို အဖွဲ့ (၂၀) ဖွဲ့စည်းပေးခဲ့ကာ ပန်းပျိုးလက် ဆရာတော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများဖြင့် အပင်ပေါင်း ၁၀ဝ၀ဝ တစ်သောင်းကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပဲခူးမြို့ ကန်တော်ကြီး ရေဝေရေလဲ ကြိုးပြင်ကာကွယ်တော ပရဆေးပျိုးဥယျာဉ်ကို ကလေးကစားကွင်း၊ ပန်းမျိုးစုံပွင့်သည့်အခင်းများနှင့် Creation Center အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


