ပဲခူး ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ယခင်ရက်များကဲ့သို့ပင် ဒီဇင်ဘာလ (၁၀) ရက်နေ့ကလည်း ဒေသခံပြည်သူများ ပုံမှန်ပင် အသွားအလာမပျက် မိမိတို့၏ လုပ်ငန်းများအား ပြုမူလုပ်ဆောင်နေကြ လျှက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် လမ်းမများပေါ်သို့ မထွက်ရန် ဆိုရှယ်မီဒီယာ လူမှုကွန်ရက်ပေါ်မှ ခြိမ်းခြောက်ဟန့်တားမှုများ ရေးသားခဲ့သော်လည်း ပြည်သူများအနေဖြင့် နေ့စဉ်ပြုလုပ် ဆောင်ရမည့် မိမိတို့၏ တစ်နေ့တာလုပ်ငန်းတာဝန်များအား ပုံမှန်ပင် လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း တွေ့မြင်ရသည်။
"ကျွန်တော်က အစိုးရ ရုံးဝန်ထမ်းလေ၊ သည်နေ့က ရုံးမှမပိတ်တာ ရုံးတက်ရတာပေါ့၊ မနက်ရုံးလာ ညနေရုံးဆင်း လုပ်ရိုးလုပ်စဉ်ပါပဲ၊ ကိုယ့်တာဝန် ကိုယ်ကျေ ကိုယ့်အလုပ် ကိုယ်လုပ် ဒါပါပဲ" ဟုရုံးဝန်ထမ်းတစ်ဦးက ပြောသည်။
ထို့ပြင် ဘူတာဈေးနှင့် ပဲခူးမြို့မဈေးကြီးတွင် ဈေးရောင်းချနေသူ ဈေးသည်အချို့ကလည်း မိမိတို့ဈေးရောင်းခြင်းသည် မိမိတို့၏ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ဆောင်နေရသည့် အလုပ်ဖြစ်ကြောင်း အခြားဈေးဆိုင်များ ဈေးမထွက်ကြခြင်းသည် သူတို့ကိစ္စဖြစ်ကြောင်း ကိုယ့်မိသားစု ထမင်းစားဖို့အတွက် ကိုယ့်အလုပ်ကို လုပ်ရမည်ဖြစ်ကြောင်း ပြောသည်။
ပဲခူးမြို့ပေါ် အထင်ကရလမ်းမကြီးဘေးနှင့် ရပ်ကွက်များတွင် ဈေးရောင်းချနေသည့် လက်ဖက်ရည်ဆိုင် စတိုးဆိုင် မုန့်ပဲသရေစာဆိုင်များသည် ယခင်ရက်များကကဲ့သို့ ဖွင့်လှစ်ရောင်းချနေသည်ကို တွေ့မြင်ရပြီး အချို့ဈေးဆိုင်များ ပိတ်ထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
"ဆိုင်ပိတ်တဲ့သူတွေက စိုးရိမ်ကြလို့ပိတ်တာပါ၊ ဘာဖြစ်မလဲ ဘာညာပေါ့၊ မပိတ်ဘဲ ဖွင့်နေတဲ့ဈေးဆိုင်တွေ ဆိုင်ကယ်ကယ်ရီတွေ ခရီးသည်တင်ကားတွေ ဆိုင်ကယ်တွေ သွားနေကြတာ ပဲ၊ပုံမှန်ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်လုပ်တာပါ၊ မြို့ထဲမှာ လုံးဝကြီး မသွားမလာကြတာမျိုးမဟုတ်ပါဘူး" ဟု လဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ပဲခူးမြို့၏ လမ်းမများပေါ်တွင် လူများ ယာဉ်များ သွားလာမောင်းနှင်နေကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း အေးချမ်းစွာသွားလာနေကြသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးလျှက်လည်းရှိကြောင်း တွေ့မြင်ခဲ့ရသည်။
ကြည်နူးမေ


