၂ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် ဆင်ဆိပ် ကျေးရွာအုပ်စု ရှမ်းရွာကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ပြီးဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဦးရဲဝဏ္ဏ၊ တောင်ငူမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ကျေးရွာလျှပ်စစ် မီးလင်းရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်လတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်း ထွန်းဦးက လျှပ်စစ်မီးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများအား အသိပေး ပြောကြားကာ ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဌ ဦးခင်မောင်လတ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

8

 

တောင်ငူမြို့နယ်၊ ရှမ်းရွာကျေးရွာလျှပ်စစ်မီးလက်းရေးအတွက် NEPစီမံကိန်းထောက်ပံ့ငွေကျပ် (၄၉၈) သိန်း ဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လမှစတင်ကာ (ဝ.၅၇)မိုင်ရှိ (11KV)ဓာတ်အားလိုင်းနှင့် 11/0.4KV (100)KVA ထရန်စဖော်မာ၊ ဓာတ်အားခွဲရုံ(၁)ရုံတို့အား ဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀ဝ)၊ ပြည်သူထည့်ဝင်ငွေကျပ်(၅၈)သိန်းဖြင့် ကျေးရွာအတွင်း (400KV) ဓာတ်အားလိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကျေးရွာအတွင်း နေထိုင်ကြသည့် မိသားစုများမှာ လျှပ်စစ်မီး အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရမှ NEP စီမံကိန်းဖြင့် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၉၇)ရွာအား ကျေးရွာလျှပ်စစ် မီးလင်းရေး ဆောင်ရွက်လျှက်ရှိရာ ယခုအခါ(၂၅)ရွာပြီးစီးသွားပြီဖြစ်ပြီး ရှမ်းရွာကျေးရွာသည် ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ဒုတိယမြောက် ဖွင့်လှစ်ပေးနိုင်သည့် ကျေးရွာဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)