ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းဆောင်ရွက်

ပြည်      မတ်       ၃၀

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ် ၂၉ ရက် နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ၃၉ ဒသမ ၃၂ သန်းဖြင့် အရှည် ပေ ၈၃၀၊ အကျယ် ငါးပေရှိ ကမ်းနားလူသွားလမ်းနှင့် စတီးလက်ရမ်းများ တပ်ဆင်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် ကမ်းနားလမ်းမြေဖို့ခြင်း တိုးချဲ့ဆောင်ရွက်သွားရန်နှင့် ကျူးကျော်မှုများမရှိစေရေး တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ဂန္ဓာမာစက်မှုဇုန်ရှိ ဦးသောင်းအေး၏ ဝါစေ့ဆီထုတ် စက်ရုံမှ ဝါစေ့ဆီထုတ်လုပ်မှုအဆင့်ဆင့်ကို သွားရောက်လေ့လာခဲ့ပြီး တောင်သူတွက်ချေကိုက်ပြီး ဝါစေ့ဆီအတွက် ကုန်ကြမ်းဖြစ်သည့် ချည်မျှင်ရှည်ဝါအား စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက် သွားရန်နှင့် ဝါစေ့ဆီကြမ်းမှ လူသုံးကုန်ဆီချောအဖြစ် ထုတ်လုပ်နိုင်ရေး မှာကြားသည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့၊ လက်ပံပင်စုကျေးရွာ၊ တောင်သူ ဦးသိန်းထွန်း၏ ပိုက်ဆံလျော် မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧကအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ကြို့ပင်စခန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၁၇၀)ရှိ စက်မှုလယ်ယာ စနစ်တကျ လယ်ယာ ၁၂၃ ဧက ဖော်ထုတ်မှုအား ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာန၊ မြို့မသစ်တောပျိုးဥယျာဉ်၌ ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ပိတောက်၊ စိန်ပန်းနှင့် ကုက္ကိုလ် အပင် တစ်သိန်း ပျိုးထောင်ထားရှိမှုအား သွားရောက်စစ်ဆေးပြီး သစ်တောဦးစီးဌာနအနေဖြင့် ပျိုးထောင်ထားရှိသည့် အပင်များ စိုက်ပျိုးရာတွင် ရေရှည်ရှင်သန်နိုင်ရေး ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး အခြားနှစ်ရှည် သီးပင်၊ စားပင်များပါ ပျိုးထောင်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

တင်စိုး(ပဲခူး)