ပဲခူးတိုင်းအတွင်းရှိ သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းလျက်ရှိ

ပဲခူး၊ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းနေကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်တူးဖော်ကာ ထိန်းသိမ်းဆောင်ရွက်လျက် ရှိနေခြင်းဖြစ်ကြောင်းလည်းသိရသည်။

“လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေရှိတယ်။ ကျွန်တော်တို့လက်ထက်မှာတော့ သမိုင်းဝင်ပါ။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်သမိုင်းဝင်ပါ။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မှာရှိတဲ့ ကျုံးတို့၊ မြိုရိုးတံတားတို့၊ မြို့ရိုးတို့ ဒါတွေအကုန်လုံးပြန်ဖော်နေတယ်။ ကျုံးတစ်ခုတည်းမဟုတ်ဘူး ကျွန်တော်တို့ ဒီသိန္နီတံတားဘက်မှာလည်း ကျွန်တော်တို့က ကျူံးတွေပြန်ဖော်နေတယ်။ ဘုရင့်နောင်မင်းတရားကြီး ယာယီထီးနန်းစိုက်ခဲ့တဲ့ ကျုံးနေရာမှာလည်း ကျွန်တော်တို့ဆင်ကျုံးကို တူးဖော်နေတယ်။ ရှေးဟောင်းအမွေအနှစ်တွေ အများကြီးရတယ်။ ကျွန်‌တော်တို့ အစွမ်းကုန် လုပ်ဆောင်ရွက်နေပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြောသည်။

ဧပြီ ၂၁ ရက်ကလည်း ပဲခူးတိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့အနီး ဟံသာဝတီခေတ် ရှေးဟောင်းဆင်ကျုံးနေရာ ရှာဖွေဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှု့စဥ် ဆင်ကျုံးအတွင်း စိုက်ထူထားသည့် ရှေးဟောင်းကျွန်းတိုင်များအား မူလအတိုင်း စနစ်တကျထိန်းသိမ်းသွားရန်၊ ဆင်ကျုံးပတ်လည်ရှိ အုတ်ရိုးများ၊ ဆင်ကျုံးအဝင်လမ်းများ စနစ်တကျဖော်ထုတ်ရန်၊ တူးဖော်ရရှိသည့် အထောက်အထားများဖြင့် ဆင်ကျုံးပတ်လည်တွင် ပွဲကြည့်စင်များပါရှိသည့်အတိုင်း ဆင်ကျုံးနမူနာ ပြတိုက်ပုံစံငယ်များ ထားရှိသွားရန် မှာကြားခဲ့ကြောင်းသိရသည်။

ထို့အပြင် အဆိုပါ နေရာများသို့ အများပြည်သူလာရောက်လည်ပတ်နိုင်စေရေး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ချိတ်ဆက်၍ ခရီးစဉ်သစ်များ ထည့်သွင်း ဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။

Thit Taw