ပဲခူးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး စက်တင်ဘာ ၈

 

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

 

ရှေးဦးစွာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “လူတိုင်းအတွက် ပညာရေး” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ် တစ်ခုဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/ အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် လူတိုင်းစာတတ်မြောက်ရေးသည် အလွန်အရေးကြီးပြီး အဓိက ရေသောက်မြစ်တစ်ခုဖြစ်ကြောင်း” စသည်ဖြင့် အမှာစကား ပြောကြားသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် UNESCO အတွင်းရေးမှူး၏ သဝဏ်လွှာကို ဖတ်ကြားပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသသည်။ ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)