ပဲခူး ၂၂ မတ်

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ် ၂၂ ရက် နံနက် ၉ နာရီက Coronavirus Disease 2019 (COVID-19) ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံသို့လည်း အချိန်မရွေး ဝင်ရောက်ဖြစ်ပွားနိုင်ချေရှိသည်ကို သတိပြုနိုင်စေရန် အသိပေးထားပြီးဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားလာပါက ပဲခူးမြို့တွင် ပဲခူးမြို့နယ်၊ ကလိ(၆)ထပ်ဆေးရုံ အနောက်ဘက်ရှိ တိုင်းကုသရေးဦးစီးဌာနရုံး အဆောက်အဦအသစ်ကို လျာထားပြီး လိုအပ်သည့် ရေ၊ မီး၊ လမ်းများ ချက်ခြင်းရရှိနိုင်ရန် ကြိုတင်စီစဉ်ထားပြီးလည်းဖြစ်ကြောင်း၊ ပြည်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် တောင်ငူမြို့ရှိ တောင်ငူဆေးရုံကြီးများတွင်လည်း သံသယလူနာ ရောက်ရှိလာပါက လူနာထားရှိရမည့် အဆောင်များလည်း ကြိုတင်စီမံထားရှိပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှလည်း လိုအပ်သည့် ဝန်ထမ်းအင်အားစာရင်း၊ ဆေးပစ္စည်းနှင့် ကူးစက်ရောဂါ ကုသရေးလုပ်ငန်းသုံးပစ္စည်း လိုအပ်ချက်များကို တင်ပြတောင်းခံထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ စီမံဆောင်ရွက်ရမည့် ကော်မတီများအား တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်မှ ရပ်ကွက်/ကျေးရွာအဆင့်ထိ ဖွဲ့စည်းကြရန်၊ ကမ္ဘာ့ကပ်ရောဂါအဆင့်ဖြစ်နေ၍ ပြည်သူအားလုံး ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ပိုမိုထိရောက်သော ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အလှူငွေရရှိမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက COVID-19 ကြိုတင်ကာကွယ်ခြင်းအတွက် ကော်မတီဝင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ အများပြည်သူ သိရှိနိုင်ရေး ကြေညာဆိုင်းဘုတ်များ စိုက်ထူပညာပေးရန်နှင့် အုပ်ချုပ်ရေးအပိုင်းမှ သတင်းအချက်အလက် မြန်ဆန်တိကျစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပဲခူးမြို့၊ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ ဆေးရုံများ ပြင်ဆင်ထားရှိမှုနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ တိုင်းသာသနာရေးဦးစီးမှူး၊ ဦးမျိုးညွန့်အောင်က ဘာသာရေးနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားများနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆရာတော်၊ သံဃာတော်များ သိရှိနိုင်စေရေး ဆက်ကပ်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်ဝေက လူစည်ကားရာ စျေးနှင့် ရပ်ကွက်များအတွင်း လိုအပ်ပါက ဆေးရည်ဖျန်းနိုင်ရေး ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

b1

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့သည် ပဲခူးမြို့၊ ကလိ(၆)ထပ်ဆေးရုံ အနောက်ဘက်ရှိ တိုင်းဒေသကြီးကုသရေးဦးစီးဌာန ရုံးအဆောက်အဦအသစ်တွင် Coronavirus Disease 2019 (COVID-19) စောင့်ကြည့်လူနာ၊ သံသယလူနာများ ရောက်ရှိလာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လိုအပ်ချက်များအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအား လိုအပ်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမြန်ဆုံးပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)