ပဲခူး ၂၇ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ၊ ဂိုဏ်းပေါင်းစုံ နာယကဆရာတော်ကြီးများ၊ စာအောင်သံဃာများ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာအပါး ၂၇၀ဝ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြပြီး စာအောင်သံဃာတော်များအား ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဂုဏ်ပြုချီးကျူး ပူဇော်ပွဲကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒစရိယ ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓာမာ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် နာယကဆရာတော်ကြီးများအား သင်္ကန်းစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းပြီး စာအောင်သံဃာများနှင့် သီလရှင်များအတွက် စာအောင်ဆုနှင့် ဓမ္မပူဇာများ သက်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ပေးအပ်ကာ လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ပဓာနနာယဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေးပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကြသည်။
ဆက်လက်၍ နာယကဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဝန်ကြီးချုပ်အမှူးပြုသော တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်နှင့် တရားရေးဝန်ထမ်းများ၊ ဥပဒေချုပ်နှင့် ဥပဒေဝန်ထမ်းများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြသည်။
၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် တိပိဋက၊ ဓမ္မာစရိယ၊ နိကာယ်၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြု၊ အဘိဓမ္မာနှင့် အခြားစာမေးပွဲအသီးသီးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ၊ သာမဏေများမှာ ခရိုင်(၄)ခု စုစုပေါင်း ရဟန်း(၁၃၈၈)ပါး၊ သာမဏေ(၁၁၄၂)ပါး၊ သီလရှင်(၁၆၇)ပါး စုစုပေါင်း (၂၆၉၇) ပါး ဖြေဆိုအောင်မြင်ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)