နေပြည်တော် ဇန်နဝါရီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ (၁၆) ရက်က ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးရေလှောင်တမံ၏ လက်ယာတူးမြောင်းမကြီးနှင့် တူးမြောင်းလက်တံ အမှတ် (၁၀-က) တို့မှ စိုက်ပျိုးရေပေးဝေနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့်နည်းပါးစွာ စနစ်တကျ ပေးဝေနိုင်ရေး၊ ရေလှည့်စနစ်ဖြင့် ပေးဝေနိုင်ရေး၊ ရေသောက်ဧရိယာအတွင်း ကုန်းမြင့်စိုက်ပျိုးမြေများတွင် ဆိုလာရေတင်စနစ်ဖြင့် လည်းကောင်း၊ အလိုလျောက် ရေတင်စနစ် (Water Turbine Pump) ဖြင့် လည်းကောင်း ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ကြူတောကန်အုပ်စု၊ နတ်ပုတီးကျေးရွာရှိ တောင်သူဦးကျော်နိုင်၏ ဘဲကောင်ရေ (၅၀၀၀) မွေးမြူရေးခြံကို သွားရောက်ကြည့်ရှုအားပေးပြီး ဝဲကြီးဆည်ရေသောက်စနစ် (၃) သီး စိုက်ဧရိယာအတွင်း၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော ဆောင်းမတ်ပဲ ဧက (၁၅၀) စံပြကွက် ရွက်ဖျန်းမြေသြဇာပတ်ဖျန်းနေမှုကို ကြည့်ရှုအားပေးကာ တောင်သူအသိပညာပေး လုပ်ငန်းများ ကျယ်ပြန့်ထိရောက်စွာ လုပ်ဆောင်ကြရန်၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေပေးဝေရန် လိုအပ်သည့်နေရာများတွင် အခိုင်အမာဆောင်ရွက်ရန် အခက်အခဲများရှိပါက ယာယီအစီအစဉ်ဖြင့် ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ပြီး ရေပေးရာသီပြီးဆုံးချိန်တွင် သတ်မှတ်စံချိန်စံညွှန်းအတိုင်း အခိုင်အမာဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး တောင်သူများ၏ အခက်အခဲများကို သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေး၍ ဆောင်းမတ်ပဲစံပြကွက် စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၂) အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသီးနှံများ  ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သုံးသီးစိုက်ဧကများ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ တာဝန်ခံများနှင့်  ဒေသခံတောင်သူများ အတူတကွ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရေး၊ ရေသောက်ဧရိယာနှင့် ဆက်စပ်ဧရိယာများကို စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရေးအတွက် ရေရှိရေး နည်းလမ်းပေါင်းစုံဖြင့် တီထွင်ကြံဆစီမံဆောင်ရွက်သွားရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်