နေပြည်တော် အောက်တိုဘာ ၂၂
စားသုံးမှုအရည်အသွေးကောင်းမွန်ပြီး ဈေကွက်အကြိုက်သီးနှံများ၊ အထွက်နှုန်း ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့် သီးနှံမျိုးများ၊ ရာသီဥတုဒဏ် နှင့်ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိသည့် သီးနှံမျိုးများဖြစ်စေရေးအတွက် မျိုးရွေးချယ်စိုက်ပျိုးခြင်း အလေ့အထ တွင်ကျယ်လာသည်နှင့်အမျှ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများ စိတ်ဝင်တစား လုပ်ကိုင်လာလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အလျဉ်လိုကျေးရွာတွင် GWT မျိုးစေ့ထုတ် စိုက်ပျိုးရေး ကုမ္ပဏီလီမိတက် က GW-11 အထွက်ကောင်း မျိုးစပါး မျိုးစေ့ထုတ်လုပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ရှိ မြို့နယ် ၁၅ ခုမှ ဆန်စက်လုပ်ငန်းရှင်(၅)ဦး အပါအဝင် တောင်သူလယ်သမား(၄၆)ဦး တို့ လာရောက်လေ့လာခဲ့ကြသည်။
အဆိုပါလေ့လာရေးအဖွဲ့အား GWT မျိုးစေ့ထုတ် စိုက်ပျိုးရေး ကုမ္ပဏီလီမိတက် တာဝန်ရှိသူက မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေပြောကြားပြီး စိုက်ပျိုးရေးပညာရှင်များက မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ အဆိုပါလေ့လာရေးအဖွဲ့ဝင် ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူ လယ်သမားများအနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်း တိုးချဲ့ဆောင်ရွက်ရေးနှင့် ဒေသ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်းမျိုးသန့် အသုံးပြုမှုလွှမ်းခြုံရေး ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်