ပဲခူး  ၂၃  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ရှင်သန်နေသည့် စာကြည့်တိုက်များအတွက် စာအုပ်များ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပဲခူးမြို့ ကမ်းနားလမ်းရှိ တက်လမ်းစာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပဲခူတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)မှ စာအုပ်များ ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး အတွင်းရေးမှူး ဦးကျော်မင်းနိုင်မှ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်း ပြောကြားသည်။

 

8

 

ထို့နောက် ရှင်သန်နေသည့် စာကြည့်တိုက်များကိုယ်စား စာရေးဆရာဘုန်းဇော်မိုး (ဥဿာ)မှ ကျေးဇူးတင်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ရှင်သန်နေသော စာကြည့်တိုက် များအနက်မှ စာအုပ်များတင်ပြ တောင်းခံထားသော စာကြည့်တိုက်များကို ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာအုပ်များ ထောက်ပံ့ လှူဒါန်းခဲ့သည်။

 

"ပဲခူးတိုင်းအတွင်းမှာ စာဖတ်အားကောင်းပြီး ရှင်သန်နေတဲ့ စာကြည့်တိုက်များရှိပါတယ်၊ အဲ့ဒီစာကြည့်တိုက်တွေကို ဗဟိုကော်မတီကနေ ပဲခူးအရှေ့ခြမ်းအတွက် စာအုပ် (၂၀ဝဝ)အုပ်၊  အနောက်ခြမ်းအတွက် စာအုပ် (၂၀ဝဝ)အုပ် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်၊ ဗဟိုကော်မတီမှ လှူဒါန်းထောက်ပံ့ပေးတဲ့ စာအုပ်တွေကို ကျွန်မတို့ ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းနေပြီး အမှန်တကယ် ရှင်သန်နေတဲ့ စာကြည့်တိုက်များကို သေချာစိစစ်ကာ ပြန်လည်ခွဲဝေ ထောက်ပံ့လှူဒါန်း ပေးခြင်းဖြစ်ပါတယ်၊ နောင်ကိုလည်း ဆက်လက်လှူဒါန်းသွားမည်ကြောင်း" ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် က ပြောသည်။

 

ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး (အ‌ရှေ့ခြမ်း)အတွင်းရှိ မြို့နယ်အသီးသီးမှ စာအုပ်တောင်းခံထားသည့် ကျောင်းစာကြည့်တိုက် ၃၁ တိုက်နှင့် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ၃၄ တိုက်၊ စုစုပေါင်း စာကြည့်တိုက် ၆၅ တိုက်အား စာကြည့်တိုက် တစ်တိုက်လျှင် စာအုပ်မျိုးစုံ အုပ်ရေ ၃၀ အုပ်၊ စုစုပေါင်း စာအုပ် ၁၉၅၀ အုပ်ကို ထောက်ပံ့လှူဒါန်းခဲ့သည်။

 

တင်စိုး(ပဲခူး)